ရန်ကုန် – ၂၀၂၃ မေ ၉ (မော်ကွန်း)
ရွှေဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်မှာပဲ ဆက်လက်ရှိနေတယ်လို့ ဒီနေ့ မေ ၉ ရက်မှာ ဖွင့်လှစ်ခဲ့တဲ့ ရန်ကုန်ရွှေဈေးကွက်အဖွင့်ဈေးနှုန်းအရ သိရပါတယ်။
ဒီနေ့မှာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ် ၃,၀၀၆,၀၀၀ ကျပ်နဲ့ ပြင်ပပေါက်ဈေးမှာ ဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ ပြင်ပပေါက်ဈေးလေ့လာသူတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန်ကာလအပြီး ဧပြီ ၂၇ ရက်ကစတင်ကာ ရွှေဈေးနှုန်းဟာ တစ်ကျပ်သားကို ကျပ်သိန်း ၃၀ ကျော်ကို စတင်ပြီး မြင့်တက်ခဲ့တာဖြစ်ပါတယ်။
အဲ့ဒီလို တစ်ကျပ်သား သိန်း ၃၀ ကျော်ထိ ဈေးနှုန်းစတင်မြင့်တက်ခဲ့ပြီးနောက်မှာ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက ရွှေဆိုင်တွေ၊ ရွှေကုန်သည်တွေကို တစ်ကျပ်သားကို ၂၉ သိန်းအောက်နဲ့ပဲ အရောင်းအဝယ်လုပ်သင့်ကြောင်း ပန်ကြားစာတစ်စောင် ထုတ်ပြန်ခဲ့ရပါတယ်။
အဲ့ဒီလို ပြန်ကြားစာထုတ်ပြန်ခဲ့ပေမယ့် ပြင်ပဈေးကွက်အတွင်း ဧပြီ ၂၇ ရက်ကနေ ယနေ့ တစ်ပတ်ကျော်ကြာတဲ့အထိ တစ်ကျပ်သား ကျပ်သိန်း ၃၀ ဝန်းကျင်မှာပဲ ဆက်လက်ရှိနေတယ်လို့ ရွှေအရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်တဲ့ ကုန်သည်တစ်ဦးက ပြောပါတယ်။
“ရွှေအသင်းက ထုတ်ပြန်တာပဲရှိတာ။ သူတို့က ဈေးကွက်ထိန်းဖို့လုပ်နေတာလား ဈေးကစားနေသလားတော့ မသိဘူး။ အပြင်ဈေးကွက်မှာ တစ်ကျပ်သားကို သိန်း ၃၀ ဆိုပြီး ထိပ်စီးစပြောင်းတာ နှစ်ပတ်လောက်ရှိနေပြီ။
ဘယ်သူက တက်နေတဲ့ ဈေးကွက်မှာ အောက်ဈေးနဲ့ ပြန်ရောင်းမှာလဲ။ တက်နေတဲ့ ဈေးနဲ့ပဲရောင်းမှာပေါ့။
ဈေးကွက်ထဲမှာအခုတော့ ရောင်းတဲ့သူတွေတော့ ပိုများလာတယ်။ ဈေးထက်တက်မယ်လို့ မှန်းပြီး ဝယ်မယ့်သူတွေလည်း နည်းနည်းတော့ရှိတယ်” လို့ အဆိုပါ ရွှေကုန်သည်ကပြောပါတယ်။
ပြင်ပပေါက်ဈေးမှာ အခုလို တစ်ကျပ်သားကို ကျပ် သိန်း ၃၀ ကျော်ထိ မြင့်တက်နေပေမယ့် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်း (YGEA) က ဒီနေ့လယ်ပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ရည်ညွှန်းဈေးနှုန်းဟာ တစ်ကျပ်သားကို ၂၃ သိန်း ၈သောင်းကျော်မှာသာ ရှိနေတာပါ။
လက်ရှိပြင်ပပေါက်ဈေးဟာ ရန်ကုန်၊ မန္တလေး စတဲ့ ဈေးကွက်တွေမှာ ဈေးနှုန်းမတူဘဲ အနည်းငယ် ကွဲပြားနိုင်ပေမယ့် ရွှေဆိုင်အားလုံးနီးပါးကတော့ တစ်ကျပ်သားကို ကျပ် သိန်း ၃၀ ဝန်းကျင်၊ ကျပ် ၂၉ သိန်း ၉ သောင်းဝန်းကျင် စတဲ့ ဈေးနှုန်းတွေနဲ့ အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ဈေးကွက်အတွင်း ရွှေအရောင်းအဝယ်ပြုလုပ်သူ တစ်ဦးက ပြောပါတယ်။
“ကမ္ဘာ့ရွှေဈေးက လှုပ်နေတယ်၊ အတက်မှာပဲ ရှိနေတယ်။ ပြည်တွင်းရွှေဈေးကလည်း လိုက်တက်ပြီး လှုပ်ခတ်နေတာပေါ့။ သင်္ကြန်မတိုင်မီလောက်ကစပြီးတော့ ကမ္ဘာ့ရွှေဈေး စံချိန်တင်မြင့်သွားတာ သူကပြန်ကျရင်တောင် ပြည်တွင်းဈေးကွက်က လိုက်မကျဘူး၊ အတက်မှာပဲ ဆက်ရှိနေတယ်။” လို့ သူက ပြောပါတယ်။
ပြည်တွင်းအခေါက်ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ကုန်ပိုင်းမှာ တစ်ကျပ်သားကို ကျပ် ၁၈ သိန်းကျော် ဝန်းကျင်မှာသာရှိရာက တစ်နှစ်ခွဲကျော်ကာလအတွင်းမှာ တစ်ကျပ်သားကို ကျပ် ၁၂ သိန်း ဝန်းကျင်ထိ စံချိန်တင် မြင့်တက်ခဲ့တာဖြစ်ပါတယ်။
Photo – Mawkun
#Dailynews

