ဖားကန့်မြို့နယ်က တာမခန်ဒေသကို အလုံးစုံထိန်းချုပ်ဖို့ KIA ကြိုးပမ်း

ဖားကန့်မြို့နယ်က တာမခန်ဒေသကို အလုံးစုံထိန်းချုပ်ဖို့ KIA ကြိုးပမ်း

ရန်ကုန် – ၂၀၂၄ မတ် ၅ (မော်ကွန်း)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က တာမခန်ဒေသကို အလုံးစုံထိန်းချုပ်နိုင်ဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) သတင်းနဲ့ပြန်ကြားရေးဌာနရဲ့ တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက မော်ကွန်းကိုပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ပူးပေါင်းတပ်တွေဟာ ပြီးခဲ့တဲ့လကုန်ပိုင်းကစတင်ပြီး တာမခန်ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ သီတင်းပတ် တစ်ပတ်ကျော်လာပြီဖြစ်ပါတယ်။

ပြီးခဲ့တဲ့လ ၂၆ ရက်မှာ တာမခန်က စစ်ကောင်စီအထိုင်တပ် ခမရ ၁၁၉ တာမခံ အထိုင်စခန်းနဲ့ တာမခန် ရဲစခန်းတို့ကို KIA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်နိုင်ပြီး ခမရ ၁၁၉ တပ်ရဲ့ စခန်းကုန်းကိုလည်း ယခုလ ၁ ရက်နေ့မှာ သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်၊ ဥရုချောင်းပေါ်မှာတည်ရှိတဲ့ တာမခန်ဒေသဟာ ဖားကန့်ဒေသကို ထိန်းချုပ်ဖို့ အရေးပါတဲ့လမ်းကြောင်းတစ်ခုလည်းဖြစ်ပါတယ်။

စစ်ကောင်စီစခန်းကုန်းနဲ့ ရဲစခန်းတွေကို သိမ်းပိုက်ထားပြီးဖြစ်ပေမယ့် မြေပြင်မှာ လက်ရှိအချိန်ထိ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတယ်လို့ KIA ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းပါပဲ။ အားလုံးအပြီးအပိုင်သိမ်းနိုင်တဲ့ အနေအထားတော့မရှိသေးဘူး။ ဒါပေမယ့် တော်တော်များများတော့ သိမ်းလို့တော့ရပြီ။ အဆုံးသတ်ဖို့ပဲလိုပါတော့တယ်” လို့ သူက ပြောပါတယ်။

ဒါ့အပြင် လက်ရှိမှာ KIA ပူးပေါင်းတပ်တွေဟာ ဖားကန့်ဒေသ အဝင်အထွက်လမ်းတွေကို ထိန်းချုပ်ထားနိုင်ပြီဖြစ်ပေမယ့် အဲဒီဒေသမှာ စစ်ကောင်စီစခန်းတွေ အများအပြားရှိနေသေးတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့လည်း ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“လမ်းပိုင်းကတော့ ကျွန်တော်တို့ ထိန်းချုပ်လို့ရပါပြီ စကစဘက်က နေရာယူထားတဲ့၊ သူတို့ထိုင်နေတဲ့ စခန်းတွေကလည်း အများကြီးရှိနေသေးတော့ ပြည်သူလူထုတွေ သွားရေးလာရေးကိစ္စကိုလည်း ကျွန်တော်တို့တော့ အတတ်နိုင်ဆုံးတော့ ဆောင်ရွက်ပေးနေပါတယ်” လို့ သူက ပြောပါတယ်။

မြန်မာပြည်ရဲ့ ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသကို သွားရောက်ရာမှာ အဓိကလမ်းတွေဖြစ်တဲ့ ဖားကန့်-မိုးကောင်းလမ်း၊ ဖားကန့်-အင်းတော်ကြီး လမ်းပိုင်းတွေကို KIA ပူးပေါင်းတပ်တွေက အဓိကထား ထိန်းချုပ်ဖို့ လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့လ ၂၀ ရက်က ဖားကန့်မြို့နယ်၊ ဝှေခါကျေးရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ အခိုင်အမာ တပ်စခန်းကုန်းတစ်ခုဖြစ်တဲ့ ဝှေခါဗျူဟာကုန်းကို KIA က သိမ်းပိုက်ထားခဲ့ပါတယ်။

ဒါ့အပြင် ယခုလ ၃ ရက်နေ့ကလည်း မံစီမြို့နယ်က စစ်ကောင်စီရဲ့ မကျဉ်းကုန်း ဗျူဟာစခန်းကို KIA ပူးပေါင်းတပ်တွေ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး ဟောင်ဝစ်ဇာ တာဝေးပစ် လက်နက်အပြင် လက်နက်ခဲယမ်းအများအပြားကို သိမ်းယူခဲ့ပါတယ်။

KIA အနေနဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ရှမ်းပြည်နယ်မြောက်ဒေသနဲ့ ကချင်ပြည်နယ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာပြီး စစ်ကိုင်းတိုင်းက ဒေသတချို့မှာလည်း ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းကာ စစ်ကောင်စီကို တိုက်ခိုက်နေပါတယ်။

ပုံစာ – မံစီမြို့နယ်က စစ်ကောင်စီစခန်းမှာရှိတဲ့ တာဝေးပစ် ဟောင်ဝစ်ဇာကို KIA က သိမ်းယူလာစဉ်

ဓာတ်ပုံ – ဗန်းမော်ခရိုင် KPDF

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."