ရန်ကုန်-၂၀၂၃ မေ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်းကို စစ်ကောင်စီတပ်တွေ ဒီနေ့မနက်ပိုင်းက စစ်ကြောင်းနှစ်ကြောင်းထိုး ဝင်ရောက်လာလို့ ဒေသခံထောင်ချီ ထွက်ပြေးနေရတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“ရှေ့ခြမ်းက သုံးရွာ၊ နောက်ခြမ်းက လေးရွာ အားလုံးပေါင်း ခုနစ်ရွာပြေးနေရတယ်။ ဒေသခံခုနစ်ထောင်ဝန်းကျင်လောက်ရှိတယ်။ အခုအခြေအနေက အရှေ့ခြမ်းကစစ်ကြောင်းက ကုတ္တတ်ရွာဘေးမှာပဲ၊ တောကိုင်းတွေထဲမှာ ကင်းပုန်းတွေ ရှေ့ပြေးတွေဝပ်ပြီး လက်နက်ကြီးတွေပစ်နေတယ်။ အနောက်ခြမ်းစစ်ကြောင်းကတော့ အောင်သာနဲ့ အင်းပေါက် နှစ်ရွာလုံးကို ခွဲပြီးဝင်နေတယ်” လို့ ပြောပါတယ်။
လက်ရှိအချိန်အထိတော့ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးတာ၊ ဒေသခံတွေကိုဖမ်းဆီးတာတွေမကြားရသေးဘူးလို့ သူကဆက်ပြောပါတယ်။
“လတ်တလောတော့ ဖမ်းတာဆီးတာမကြားရသေးဘူး။ မီးခိုးလည်းမမြင်ရသေးဘူး။ ဖမ်းမိတာရှိလားဆိုတော့ မထွက်ပြေးနိုင်တဲ့ ဒေသခံတွေ ဘုန်းကြီးကျောင်းတွေမှာကျန်ခဲ့တာပေါ့။ သူတို့ကို လက်ရှိမှာ စစ်ဆေးနေတယ်လို့ကြားတယ်” လို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် အရှေ့ခြမ်းကိုဝင်တဲ့စစ်ကောင်စီစစ်ကြောင်းဟာ အင်အားနှစ်ရာဝန်းကျင်နဲ့ မနေ့က ကဘွတ်ရွာနဲ့ ကုတ္တတ်ရွာကိုမီးရှို့ခဲ့တဲ့စစ်ကြောင်းဖြစ်ပြီး အနောက်ခြမ်းကိုဝင်တဲ့ စစ်ကောင်စီ အင်အားဟာ ၇၀ ကျော်ရှိတယ်လို့ဆိုပါတယ်။
မနေ့ကလည်း စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးလို့ ခင်ဦးဒေသခံ သုံးထောင်ကျော်ထွက်ပြေးခဲ့ရသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
ပုံစာ – ခင်ဦးမြို့နယ်ကကျေးရွာတွေကိုစစ်ကောင်စီတပ်တွေ ဒီကနေ့မနက် စစ်ကြောင်းထိုးလို့ထွက်ပြေးနေရပုံ
Photo -ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

