ရန်ကုန်- ၂၀၂၃၊ မေ ၄ (မော်ကွန်း)
ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ကြောင်မျက်ရှင်လမ်းမှာ အငြိမ်းစားဗိုလ်မှူးရဲမင်းသန်းသတ်ခံရပြီးနောက် ရပ်ကွက်ထဲက လူ ၁၅ ယောက်နီးပါးအဖမ်းခံထားရပြီးအခုထိပြန်မလွှတ်သေးဘူးလို့ ရပ်ကွက်အတွင်းနေထိုင်သူတွေကပြောပါတယ်။
ရပ်ကွက်ထဲကလူတွေကိုလည်း သူ့အကြောင်းသိစေရမယ်လို့ အငြိမ်းစားဗိုလ်မှူး ရဲမင်းသန်းရဲ့ဇနီးဖြစ်သူကကြိမ်းမောင်းထားတယ်လို့ဆိုပါတယ်။
ရပ်ကွက်အတွင်းရှိတော်လှန်ရေးရဲဘော်တွေကိုသတင်းပေးဒလန်လုပ်လို့ဆိုပြီး အငြိမ်းစားဗိုလ်မှူးရဲမင်းသန်းကို ဗဟန်းမြို့နယ်ပျောက်ကျားအဖွဲ့ (Bahan Guerrilla Force) က ပြီးခဲ့တဲ့ ဧပြီ ၃၀ ရက်က ရှင်းလင်းခဲ့တာလို့ထုတ်ပြန်ထားပါတယ်။
၎င်းသတ်ခံရပြီးညတွင်းချင်းမှာပဲတစ်အိမ်တက်တစ်အိမ်ဆင်း ဧည့်စာရင်းဝင်စစ်တာ၊ ဖုန်းယူစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပြီး လူ ၁၅ ယောက်နီးပါးလောက်ဖမ်းဆီးသွားတာပါ။
“ ည ၁၁ နာရီလောက်ကြီး အန်တီတို့အိမ်ပေါ်ထိတက်လာပြီး ဖုန်းတွေစစ်တာ။ သူတို့က ခုံပေါ်မှာထိုင်၊ အန်တီက အောက်မှာထိုင်ပြီး ဖုန်းထဲကဟာတွေပြပေးရတာ။ စကားပြောတာအရမ်းရင့်တယ်။ ပစ်လိုက်ရမလားဆိုတာချည်းပဲ”လို့ ကြောင်မျက်ရှင်လမ်းမှာနေထိုင်သူတစ်ဦးကပြောပါတယ်။
အခုဖမ်းဆီးခံထားရတဲ့ထဲမှာ အသက် ၁၃ နှစ်အရွယ်လူငယ်နှစ်ဦးလည်းပါဝင်တယ်လို့ဆိုပါတယ်။
မနက်ဖြန်ဆိုရင် အငြိမ်းစားဗိုလ်မှူးရဲမင်းသန်း ရက်လည်မှာဖြစ်ပါတယ်။ လက်ရှိကြောင်မျက်ရှင်လမ်းက ၎င်းရဲ့နေအိမ်မှာပဲ နာရေးကုလားဖျင်းထိုးထားပြီး လာရောက်သတင်းမေးသူတွေလည်းမတွေ့ရပါဘူး။
ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်မှာ အငြိမ်းစားဗိုလ်မှူးရဲမင်းသန်းအပြင် ၂၀၂၁ နိုဝင်ဘာကလည်း စစ်ကောင်စီရဲ့သတင်းပေးဒလန်အကြီးစားဦးမျိုးသော်အောင်လည်း သတ်ဖြတ်ခံထားရတာပါ။
#Dailynews

