ရန်ကုန် – ၂၀၂၅ ဇွန် ၁၇ (မော်ကွန်း)
ဧရာဝတီတိုင်း လေးမျက်နှာမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းတလျှောက်ကကျေးရွာတွေမှာ မနေ့ကစပြီး အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကောင်စီတပ်စွဲထားတဲ့ တပ်စခန်းတချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ရခိုင်ရိုးမနဲ့ထိစပ်နေတဲ့ လေးမျက်နှာမြို့နယ်က သဲနုကုန်း၊ ရေဖြူနဲ့ ကျားကိုက်ကျေးရွာတွေမှာ မနေ့ မနက်ပိုင်းကစပြီး တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။
၎င်းကျေးရွာတွေက ဒေသခံရာနဲ့ချီပြီးတော့ လေးမျက်နှာမြို့ပေါ်ကို ထွက်ပြေးလာကြတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပုသိမ်-မုံရွာ ကားလမ်းအနီးက သဲနုကုန်းနဲ့ ရေဖြူရွာတွေကရဲကင်းစခန်းတွေကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်လိုက်တဲ့ သတင်းတွေလည်းထွက်ပေါ်နေပြီး ဒီနေ့မနက်ထိ လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း လေးမျက်နှာမြို့ပေါ်က ဒေသခံစစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
“ပုသိမ်မြစ်တစ်ဖက်ကမ်းမှာ တိုက်ပွဲတွေမနေ့ကမနက်ပိုင်းက စဖြစ်တယ်။ ဒီနေ့တော့ အဲဒီရွာတွေကို AA က သိမ်းလိုက်ပြီပြောတယ်။ လေယာဉ်တွေလည်းဝဲနေတာ တစ်နေကုန်ပဲ” လို့ ၎င်းဒေသခံက ပြောပါတယ်။
ပုသိမ်-မုံရွာကားလမ်းတစ်လျှောက် ရေကြည်၊ လေးမျက်နှာနဲ့ ငသိုင်းချောင်းမြို့တွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက AA တပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ဒီလ ၁၁ ရက်ကလည်း ပုသိမ်-မုံရွာလမ်းပိုင်းနဲ့ ဂွ-ငသိုင်းချောင်းလမ်းဆုံရာ ရေနံ့သာလမ်းဆုံအနီးက စစ်ကောင်စီရဲ့ အမြှောက်တပ် အမတ (၃၄၄) ကို အာရက္ခတပ်တော် (AA) နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။
အခုလို ရခိုင်ရိုးမနဲ့ ဧရာဝတီတိုင်းအစပ်မှာ လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်လို့ AA ဘက်ကရော စစ်ကောင်စီဘက်ကပါ သတင်းတစ်စုံတစ်ရာ မထုတ်ပြန်ထားသေးပါဘူး။
လက်ရှိမှာ ငသိုင်းချောင်း၊ ရေကြည်နဲ့ လေးမျက်နှာတဝိုက်မှာ စစ်ကောင်စီတပ်ရဲ့ စစ်ကားတွေ သွားလာနေကာ တပ်အင်အားဖြည့်တင်းနေသလို ရဟတ်ယာဉ်တွေ၊ လေယာဉ်တွေလည်း နေ့စဉ်ပျံဝဲနေတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“ဒီဘက်မှာတော့ ရဟတ်ယာဉ်တွေရော၊ Y-12 တွေရော နေ့တိုင်းဝဲနေတယ်။ AA က ပုသိမ်-မုံရွာ ကားလမ်းအနောက်ဘက်မှာ ခြေကုပ်ယူထားတယ်။ ရိုးမဘက်အခြမ်းမှာပေါ့။ အရှေ့ဘက်က စစ်တပ်စခန်းတွေကို ဝင်ဝင်တိုက်နေတာ” လို့ ၎င်းက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းကတော့ AA နဲ့ တော်လှန်ရေးတပ်တွေရဲ့ ထိုးစစ်ကြောင့် အမတ (၃၄၄) အမြှောက်တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထွက်ပြေးမှုတွေရှိနေပြီး လက်နက်နဲ့တကွ ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းတချို့က ဖော်ပြပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်တောင်ပိုင်းက သံတွဲနဲ့ ဂွမြို့တွေကို သိမ်းယူပြီးနောက်မှာ ရခိုင်ရိုးမနဲ့ စပ်ဆက်နေတဲ့ ဧရာဝတီနဲ့ မကွေးတိုင်းတွေထိ စစ်ရေးဖြန့်ကျက်လာခဲ့တာပါ။
ပုံစာ – စစ်ရေးလေ့ကျင့်နေတဲ့ AA တပ်ဖွဲ့ဝင်တချို့
ဓါတ်ပုံ – AA Info Desk

