ရန်ကုန် -၂၀၂၃ မေ ၃ (မော်ကွန်း)
အာဏာသိမ်းစစ်ကောင်စီရဲ့ မတရားဖမ်းဆီးခံရပြီး ပုဒ်မ ၅၀၅-က နဲ့ ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသူ၊အကျဉ်းသား ၂,၁၅၃ ဦးကို ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီကထုတ်ပြန်လိုက်ပါတယ်။
အဲဒီလိုလွှတ်ပေးတာဟာ ဒီနေ့ကျရောက်တဲ့ ကဆုန် လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် လူသားချင်းစာနာထောက်ထားမှုကို အလေးထားလို့ ပြန်လွှတ်ပေးတာလို့ စစ်ကောင်စီထုတ်ပြန်ချက်မှာ ဆိုပါတယ်။
အဲဒီထုတ်ပြန်ချက်ကြောင့် ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့မှာ ထောင်ဒဏ်ချမှတ်ခံထားရသူတွေရဲ့ မိသားစုဝင်တွေလည်း လာရောက်စောင့်ဆိုင်းနေကြပါတယ်။
“အခုထိတော့ ပါ၊ မပါမသိသေးဘူး၊ သိပ်လည်းမမျှော်လင့်ရဲဘူးလေ။ ပါမလာတာများနေလို့” လို့ ၅၀၅-က နဲ့ ထောင်ချခံထားရတဲ့သားဖြစ်သူကို လာစောင့်နေတဲ့ မိခင်ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်ဆန်းတစ်ရက်နေ့ကလည်း စစ်ကောင်စီက အကျဉ်းသူ အကျဉ်းသား သုံးထောင်ကျော်ပြန်လွှတ်ပေးခဲ့ပေမယ့် အများစုဟာ မူးယစ်ဆေးမှုနဲ့ တပ်ပြေး၊ရဲပြေးအမှုတွေ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ လက်ရှိအချိန်အထိ မတရားဖမ်းဆီးခံရသူ ၂၂,၀၀၀ နီးပါးရှိပြီး အဲဒီထဲက ၁၇,၀၀၀ ကျော်ဟာ ဖမ်းဆီးထိမ်းသိမ်းခံထားရဆဲဖြစ်ကာ ၅,၈၀၀ ကျော်ဟာထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပုံ-နှစ်ဆန်းတစ်ရက်နေ့က အင်းစိန်ထောင့်ရှေ့စောင့်ဆိုင်းနေကြသူများ(ပုံဟောင်း)
Photo: Mawkun
#Dailynews

