ရန်ကုန်၊ ဧပြီ ၁၉
နယ်စပ်မှာဖြစ်ပွားနေတဲ့ စစ်ကောင်စီနဲ့ တော်လှန်ရေးအင်အားစုတွေအကြား တိုက်ပွဲတွေကြောင့် မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေကာ အိန္ဒိယကိုတင်ပို့တဲ့ ပို့ကုန်လုပ်ငန်းအများစုဟာ ပိတ်ထားရတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
အိန္ဒိယနဲ့ မြန်မာ ကုန်သွယ်မှုဟာ ပြီးခဲ့တဲ့ COVID-19 ဖြစ်ပွားခဲ့တဲ့ ကာလတည်းက နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးဂိတ် တမူး-မိုးရေးဂိတ်ကို အိန္ဒိယဘက်ကပိတ်ထားတာဖြစ်ပါတယ်။
အဲ့ဒီလို သုံးနှစ်နီးပါးခန့် ပိတ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ဖို့ စစ်ကောင်စီနဲ့ အိန္ဒိယအစိုးရတို့ ဆွေးနွေးမှုတွေ ပြန်လည်ပြုလုပ်ခဲ့ပါတယ်။
အိန္ဒိယနယ်စပ်ကတင်ပို့တဲ့ ကုန်ပစ္စည်းတွေ မြန်မာနိုင်ငံဘက်က တရားဝင် အခွန်ဆောင်ပြီး တင်ပို့မှုရှိပေမယ့် အိန္ဒိယနိုင်ငံဘက်မှာတော့ တရားမဝင်သဘောမျိုး စီးဆင်းနေတာကြောင့် အိန္ဒိယက ကုန်သွယ်ရေးလမ်းကြောင်းကို အသေပြန်ပိတ်ထားတယ်လို့ ပို့ကုန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
ဒါ့အပြင် အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်မှာလည်း တိုက်ပွဲတွေဖြစ်ပွားနေကာ ကုန်တင်ယာဉ်တွေ တက်ရောက်နိုင်ခြင်းမရှိဘူးလို့လည်း သိရပါတယ်။
နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးမှာ ရူပီးနဲ့ ကျပ် တိုက်ရိုက်ပေးချေစနစ်တွေကို ဆောင်ရွက်ဖို့ စစ်ကောင်စီ ဗဟိုဘဏ်နဲ့ အိန္ဒိယတို့ကြား သဘောတူခဲ့တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ သင်္ကြန်ကာလမတိုင်မီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီဘက်က အခုလို ထုတ်ပြန်ပြောဆိုထားပေမယ့် အိန္ဒိယဘက်က နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကို ဆက်လက်ပိတ်ထားဆဲဖြစ်ကာ ဒေသတွင်းမှာလည်း တိုက်ပွဲတွေဖြစ်နေတာကြောင့် ပို့ကုန်လုပ်ငန်းအားလုံးနီးပါး လုပ်ငန်းရပ်ဆိုင်းထားရတယ်လို့ ပို့ကုန်လုပ်ငန်းရှင် ကိုချိုတူး က ပြောပါတယ်။
“နယ်စပ်မှာ ကွမ်းသီးကားတွေ၊ ကလေး၊ တမူးဘက်တွေမှာ ပိတ်မိနေတာ လပေါင်းများစွာကြာနေတာတွေရှိတယ်။ ကလေးဘက်တွေလည်း တိုက်ပွဲတွေဖြစ်နေလို့ တက်မရတာကြာပြီ။ အခုက အိန္ဒိယကိုက ပိတ်ထားတာ။ သူတို့က မြန်မာက ပို့တဲ့ ကုန်တွေက တရားမဝင် ဝင်နေတယ် အခွန်မရဘူးဆိုပြီး အဲ့ဒါကို ပိတ်ထားတာ။ ကုန်သွယ်မှု အသေးအမွှားလေးတွေလောက်ပဲရှိတော့တယ်” လို့ သူက ပြောပါတယ်။
အဲ့ဒီအတွက် အိန္ဒိယပို့ကုန်တွေ တင်ပို့နေတဲ့ ပို့ကုန်လုပ်ငန်းအများစုဟာလည်း ရပ်တန့်နေတဲ့ ကုန်သွယ်ရေးအခြေအနေတွေကြောင့် လုပ်ငန်းတွေကို ပိတ်သိမ်းထားရတယ်လို့ သူက ဆက်လက် ပြောပါတယ်။
အိန္ဒိယ-မြန်မာနယ်စပ်အနီးမှာ ချင်းကာကွယ်ရေးတပ်တွေ(CNA,CDF) စတဲ့ အဖွဲ့တွေ နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပြီး စစ်ကောင်စီဟာ နယ်စပ်ဒေသမှာ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ဆက်တိုက်ဆိုသလို လုပ်ဆောင်လာပါတယ်။
“တက်တဲ့ကားတွေ မီးရှို့ခံရတာတွေ ရှိတယ်။ ဘာအာမခံချက်မှလည်းမရှိတော့ ဘယ်သူမှ မတက်ရဲတော့ဘူး” လို့ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ တမူးနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကနေ နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၉၀ ကျော် ကုန်သွယ်မှုရှိနေတယ်လို့ ကုန်သွယ်မှုစာရင်းတွေအရ သိရပါတယ်။
မြန်မာနိုင်ငံဟာ အိန္ဒိယနိုင်ငံကို ကွမ်းသီး၊ ကွမ်းရွက်၊ ပဲအမျိုးမျိုး၊ ကြက်သွန်၊ လယ်ယာထွက်ပစ္စည်းတွေနဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ တင်ပို့ပါတယ်။
#Dailynews

