ဆားလင်းကြီီး – ၂၀၂၃ မတ် ၃၁ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကြောင်းထိုးရင်း ပြည်သူခြောက်ဦးကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ဖမ်းဆီးထားကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်တိုရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ ဒီကနေ့နံနက်အစောပိုင်းက အဲဒီရွာကနေထွက်ခွာလာပြီး မြင်းခြံဘွားရွာကို ဝင်ရောက်ခဲ့ကာ ဖောကားတစ်စီးနဲ့ အမျိုးသားနှစ်ဦးကို ဖမ်းဆီးသွားတယ်လို့ ဒေသခံကပြောပါတယ်။
“ပြည်သူနှစ်ဦးအဖမ်းခံရတယ်၊ စစ်ကြောင်းထိုးလာပြီ ကင်းတွေကအကုန်ထွက်တော့ဆိုတော့ ရွာထဲရောက်နေတဲ့ စစ်ရှောင်တွေရော၊ ရွာသားတွေရော အကုန်ပြေးရတာပဲဲ၊ သူတို့မြင်းခြံဘွားမရောက်ခင်ကတည်းက ကျုပ်တို့က ရွာမှာကပြေးဖို့ပြင်ပြီးသား”လို့ ဒေသခံကပြောပါတယ်။
မြင်းခြံဘွားရွာမှာ အာဏာသိမ်းစစ်တပ်က အချိန်အတော်ကြာရပ်နားခဲ့ပြီး မတောင့်တရွာကို ဆက်လက်ထွက်ခွာသွားကာ ရွာအနောက်က ကင်းတဲတစ်ခုကို ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဒေသခံကပြောပါတယ်။
အဲဒီကင်းတဲက ရဲဘော်တွေလွတ်မြောက်သွားခဲ့ပေမယ့် ရွာထဲက အသက် ၆၀ နဲ့ ၄၀ အရွယ်အမျိုးသားနှစ်ဦးနဲ့ အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး စုစုပေါင်း သုံးဦးကိုလည်း ထပ်မံဖမ်းဆီးကာ ဗိုက်သရက်ရွာဆီကို နေ့လယ်ပိုင်းမှာ ဆက်ထွက်သွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ဗိုက်သရက်ရွာကိုလည်း လက်နက်ကြီးတွေနဲ့ပစ်ခတ်ဝင်ရောက်ပြီး အသက် ၃၀ ဝန်းကျင်အရွယ် ရွာသား နှစ်ဦးကို ထပ်မံဖမ်းဆီးခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
နောက်ဆုံးစုံစမ်းမေးမြန်းမှုတွေအရ အဖမ်းခံရတဲ့ ခုနစ်ဦးထဲက အမျိုးသမီးတစ်ဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်တဲ့ အမျိုးသား ခြောက်ဦးကို ဆက်လက်ဖမ်းဆီးထားပြီး ဗိုက်သရက်ရွာဘုန်းကြီးကျောင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ တပ်စွဲထားတယ်လို့ သိရပါတယ်။
#Dailynews

