သဇင်လတ်
ရန်ကုန်-၂၀၂၀ နိုဝင်ဘာ ၁၁ (မော်ကွန်း)
ပြီးခဲ့သည့် အထွေထွေရွေးကောက်ပွဲတွင် မဲပေးချိန်ကျော်သွားသည့်အတွက် မဲမပေးရဘဲ ပြန်သွားရသူများ ရှိခဲ့သည်ဟု ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာသည့် New Myanmar Foundation အဖွဲ့က ပြောသည်။
၎င်းအဖွဲ့၏အမှုဆောင်ဒါရိုက်တာ ဒေါ်မြနန္ဒာသင်းက “ မဲရုံတစ်ခုမှာဆိုရင် မဲရုံပိတ်သိမ်းတဲ့အချိန်မှာ မဲရုံအဝမှာမဲပေးမယ့်သူက နှစ်ရာလောက်ကျန်သေးတယ်။ ဒါပေမဲ့ မဲရုံမှူးက မဲပေးလို့မရတော့ဘူးဆိုပြီး ကြေညာလိုက်တော့လူတွေကပြန်သွားကြတယ်။ နောက်မှဆွေးနွေးပြီး မဲပေးလို့ရတယ်ဆိုပြီးပြန်ခေါ်တော့ အတော်များများကပြန်မလာကြတော့ဘူး”ဟု မြေပြင်အခြေအနေကို သူက ရှင်းပြသည်။
New Myanmar Foundationနှင့် ရွေးကောက်ပွဲပညာပေးရေးနှင့်စောင့်ကြည့်လေ့လာရေး မိတ်ဖက်များသည် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲ၌ နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း ၄၀,၀၀၀ ဝန်းကျင်အနက် ၁,၂၀၀ တွင် စောင့်ကြည့်သူ ၁,၅၀၀ ခန့် ဖြင့် စောင့်ကြည့်ခဲ့သည်။
၎င်းတို့စောင့်ကြည့်လေ့လာသည့် မဲရုံများအနက် ၁၈ ရာခိုင်နှုန်းတွင် မဲရုံပိတ်ချိန်အထိ မဲပေးရန်စောင့်ဆိုင်းနေသူများရှိခဲ့သည်ဟု ရွေးကောက်ပွဲအပြီး ထုတ်ပြန်သည့် ကနဦးအစီရင်ခံစာတွင် ဖော်ပြသည်။
စောင့်ကြည့်လေ့လာခဲ့မှုများအရ COVID -19 ရောဂါကန့်သတ်ချက် ခြောက်ပေခြားအကွာတန်းစီရခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ မျက်နှာအကာနှင့်နှာခေါင်းစည်းဝေခြင်းနှင့်လက်ဆေးခြင်း
တို့သည်အချိန်သုံးမိနစ်ခန့်ကုန်သောကြောင့်အချိန်ပိုကြာကာဆန္ဒမဲပေးသူများပြားသည့်မဲရုံများတွင်
မဲရုံပိတ်ချိန်အထိဆန္ဒမဲပေးသူများကျန်နေရင်းဖြစ်သည်ဟု ဒေါ်မြနန္ဒာသင်းကရှင်းပြသည်။
ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းရှိ မြို့နယ်အချို့မှ မဲရုံတစ်ချို့ တွင် ထိုသို့ ကြုံခဲ့ရခြင်းဖြစ်သည်ဟု ဒေါ်မြနန္ဒာသင်းက ပြောသည်။
မဲရုံမှူးများ၏ ရွေးကောက်ပွဲဥပဒေပါ ပြဌာန်းချက်များကို နားလည်မှုအားနည်းခြင်းနှင့် ဆန္ဒမဲပေးသူများအနေဖြင့်လည်း ဥပဒေအရ ရပိုင်ခွင့်ကိုနားမလည်မှုများကြောင့် ယခုကဲ့သို့ဖြစ်ရကြောင်း ၎င်းကရှင်းပြသည်။
ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၄၂(ခ) တွင် ညနေလေးနာရီ မဲရုံပိတ်သည့်အခါ မဲရုံပရိဝုဏ်အတွင်း ဆန္ဒမဲပေးရန် ရောက်ရှိနေသူများအနက် မဲမပေးရသေးသူများပါရှိနေပါက စာရင်းကောက်ယူ၍ စာရင်းပါသူများကို မဲပေးချိန်ကျော်လွန်ပြီးဖြစ်စေကာမူ ပေးခွင့်ပြုရမည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲဥပဒေများအရ ရွေးကောက်ပွဲနေ့တွင် မဲရုံများကို နံနက် ၆ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ရမည် ဟု သတ်မှတ်ထားသည်။
ရွေးကောက်ပွဲနေ့က ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးရန် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းနေရသူများ။
ဓါတ်ပုံ – ကောင်းထက်စံ
#Dailynews

