တကောင်း – ၂၀၂၃ မတ် ၂၉ (မော်ကွန်း)
မန္တလေးတိုင်း၊ တကောင်းမြို့နယ်၊ တကောင်းလမ်းဆုံမှာ ဖားကန့်ကျောက်စိမ်းတွေသယ်လာတဲ့ စစ်ကားတွေကိုလုံခြုံရေးယူဖို့လာတဲ့စစ်ယာဥ်တန်းကို မနေ့ မွန်းလွဲ ၁:၀၀ နာရီဝန်းကျင်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းပ.က.ဖ ဆီကသိရပါတယ်။
တကောင်းလမ်းဆုံကစစ်ကားတွေဆီကို လုံခြုံရေးယူပေးဖို့ တွင်းငယ် တပ်မ ၃၃ ကနေ စစ်ကား ခုနစ်စီးပါ စစ်ယာဥ်တန်းကို မြနန္ဒာရွာအနီးမှာ တကောင်းပ.က.ဖ က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ တကောင်းပကဖ ပြန်ကြားရေးတာဝန်ခံမာမီကပြောပါတယ်။
“ကားတွေကတော့ အပေါ်ပိုင်းပဲထိတာမို့ ဆက်သွားလို့ရပါတယ်၊ လမ်းဆုံမှာပဲအင်အားဖြည့်ထားတာပါ၊ကျောက်စိမ်းကားတန်းကိုလုံခြုံရေးယူဖို့သွားတာပါ၊ လက်နက်ဝယ်မယ်ပေါ့၊ လေယာဥ်ဆီတို့” လို့ ကိုမာမီကပြောပါတယ်။
စစ်ကားတွေကို မိုင်းလေးလုံးဆွဲတိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါစစ်သားတွေ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က သေဆုံးမှုတွေရှိတယ်လို့သိထားရပြီး တကောင်းလမ်းဆုံကဆီဆိုင်မှာ ဒဏ်ရာရသူတွေကိုချန်ထားခဲ့ပြီး တကောင်းမြို့ဆေးရုံထဲခေါ်သွားတယ်လို့ သူကပြောပါတယ်။
စစ်ကိုင်းတိုင်းကိုစစ်အင်အားဖြည့်ဖို့လာတဲ့ အာဏာသိမ်းစစ်တပ်က စစ်ကား ၄၉စီးကိုတကောင်းပကဖနဲ့ TBK တောဆင်ရိုင်းပျောက်ကျားတပ်ဖွဲ့တို့က မတ်လ ၁၁ရက်က တစ်ရက်ထဲ မိုင်းသုံးကြိမ်ဆွဲတိုက်ခိုက်ခဲ့ပါသေးတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်ကို မိုင်းဆွဲဖို့ပြင်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်များ
ဓါတ်ပုံ – တကောင်း ပ.က.ဖ
#Dailynews

