ဆားလင်းကြီး – ၂၀၂၃ မတ် ၁၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဒီကနေ့ နံနက်အစောပိုင်းကစလို့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်တွေက ချင်းတွင်းမြစ်တစ်လျှောက်စစ်ကြောင်းထိုးနေပြီး ပြည်သူတစ်ဦးကို ခေါင်းဖြတ်သတ်သွားကာ ဦးခေါင်းရှာမတွေ့သေးလို့ ခုချိန်ထိ ဘယ်သူဖြစ်တယ်ဆိုတာ မသိရသေးဘူးလို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
“တစ်ယောက်အသတ်ခံရတာ ခေါင်းရှာမတွေ့သေးလို့ ဘယ်သူမှန်းအတည်မပြုရသေးဘူး၊ နတ်ကျွန်း၊ နတ်ဆက်ရွာနားက မြစ်ထဲမှာတွေ့တာ”လို့ ဒေသခံကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးရတဲ့ ပြည်သူဟာ အနည်းဆုံး ၃,၁၅၀ လောက်ရှိလာပါပြီ။
ဒီကနေ့ နံနက်အစောပိုင်းက ဆားလင်းကြီးမြို့နယ်၊ ဝဲကွဲရွာကို အာဏာသိမ်းစစ်တပ်က အင်အား ၁၆၀ လောက်နဲ့ စစ်ကြောင်းထိုးပြီး နေအိမ်နှစ်လုံးကို မီးရှို့သွားတယ်လို့ ဒေသခံကပြောပါတယ်။
စစ်ကြောင်းထိုးတဲ့စစ်တပ်ဟာ ဆားလင်းကြီးမြို့နယ် တုံ၊တောကျောင်းက စစ်ရှောင်ပြည်သူ ၂၀ ဝန်းကျင်ကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
“အစကဖမ်းတာ ၅၀ လောက်ဖမ်းတာ၊ ခုတော့ ငယ်ရွယ်တဲ့သူချည်း ၂၀ လောက်ဖမ်းထားသေးတယ်”လို့ ဒေသခံကပြောပါတယ်။
အဖမ်းခံထားရတဲ့သူတွေဆီက ရွှေထည်ပစ္စည်းတွေ၊ ငွေတွေကို အာဏာသိမ်းစစ်တပ်က ချွတ်ယူထားတယ်လို့ ဒေသခံကပြောပါတယ်။
ဒီကနေ့ ဆားလင်းကြီးမှာ စစ်ကြောင်းထိုးလို့ ဝဲကြီး၊ ဝဲကွဲ၊ တုံရွာမ၊ ရွှေလှေ၊ ဝက်မှေး၊ ကံတော၊ ဖောင်းကတာ၊ အိုမ၊ တောကျောင်း၊ ဇီးတော၊ ထန်းတော၊ ပလှောင်နဲ့ နတ်ကြီးစတဲ့ ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
#Dailynews

