မိုးကုတ် – ၂၀၂၃ ဇူလိုင် ၁၄ (မော်ကွန်း)
အညာဒေသမှာ အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မီးရှို့နေတာကြောင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို ပြောင်းရွှေ့လာသူတစ်ဦးဟာ ရဲစခန်းထဲကနေပစ်ခတ်လိုက်တဲ့ကျည်ဆန်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။
အခုလ ၁၂ ရက်က မိုးကုတ်မြို့၊ ကျပ်ပြင်ရဲစခန်းမှာ ပေါက်ကွဲမှုလေးကြိမ်ဖြစ်ပွားခဲ့ပြီးနောက် ရဲစခန်းထဲကနေ သေနတ်နဲ့ပတ်ဝန်းကျင်ကို ရမ်းသမ်းပစ်ခတ်တာကြောင့် သေဆုံးသွားခဲ့ကာ ဒီကနေ့မှာတော့ သဂြိုလ်လိုက်တယ်လို့ ရပ်ကွက်တွင်းနေထိုင်သူတွေဆီက သိရပါတယ်။
သေဆုံးသူဟာ စစ်ကိုင်းဘက်မှာနေထိုင်ခဲ့တဲ့ အသက် ၇၃ နှစ်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး ကျပ်ပြင်ရဲစခန်းအနီးမှာနေထိုင်ကာ ရဲစခန်းထဲက သေနတ်နဲ့ ရှစ်ချက်ပစ်ခတ်တဲ့အချိန် ထိမှန်သွားတာပါ။
” သူက အောက်ရပ်ကနေပြောင်းလာတာ၊ အောက်ရပ်မှာမီးရှို့လို့ဆိုပြီး ဒီမှာအမျိုးအိမ်လာနေတာကို၊စခန်းထဲက သေနတ်ရမ်းပစ်တော့ထိသွားတာ၊ စခန်းနဲ့သူတို့အိမ်နဲ့ကလမ်းပဲခြားတာ”လို့ နီးစပ်သူကပြောပါတယ်။
ရဲစခန်းထဲက ရမ်းပစ်ခတ်တဲ့ကျည်ထိမှန်ပြီး ကလေးနှစ်ဦးလည်းရှိခဲ့ပေမယ့် မစိုးရိမ်ရဘူးလို့ သူကပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ စောင့်ကြည့်တွက်ချက်မှုတွေအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ပြည်သူဟာ ၃,၈၀၀ နီးပါးရှိလာနေပါပြီ။
မိုးကုတ်မြို့ကျပ်ပြင်ရဲစခန်းက ဖောက်ခွဲမှုတွေကို ဘယ်အဖွဲ့ကလုပ်ဆောင်တယ်ဆိုတာကိုမသိရသေးပါဘူး။
မိုးကုတ်မြို့အရှေ့ပိုင်းမှာလည်း ဇူလိုင်လ ၁၂ရက်ညပိုင်းက နေရာတချို့မှာ ပေါက်ကွဲသံနဲ့ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

