ရေစကြို – ၂၀၂၃ မတ် ၁၉ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ် ၊ရေလယ်ကျွန်းဒေသ မီးလောင်ကျွန်းရွာသစ်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက်ပိုင်းမှာ စတင်မီးရှို့ခဲ့ပြီး ရွာထဲက ပြည်သူအချို့ကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီးထားတယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မီးလောင်ကျွန်းရွာသစ်ကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက်အစောပိုင်းမှာ သေနတ်တွေနဲ့ပစ်ဖောက်ဝင်ရောက်လာပြီးနောက် ထွက်မပြေးနိုင်တဲ့ ပြည်သူ ၁၅ယောက်ကို ဖမ်းဆီးထားတယ်လို့ ဒေသခံက ဆိုပါတယ်။
“စစ်သားတွေက ပစ်ဝင်တာဆိုတော့ ကြောက်တာရော မပြေးနိုင်တာရောကြောင့်ဖမ်းခံလိုက်ရတာ၊ထွက်ပြေးကြတဲ့သူတွေရှိတယ်၊ တစ်ယောက်ဆိုပြန်ဖမ်းခံရပြီး လက်မောင်းနှစ်ဘက်လုံးတေ့ပစ်ခံရတာ၊မသေလို့ကံကောင်း”လို့ ဒေသခံကပြောပါတယ်။
အဲဒီစစ်ကြောင်းကပဲ မြောင်နယ်ကနေ ဖမ်းဆီးလာခဲ့သူတစ်ဦးဆိုရင် သေနတ်ဒဏ်ရာကြောင့်သွေးထွက်လွန်နေလို့လွှတ်ပေးဖို့ ဘုန်းကြီးက တောင်းဆိုခဲ့ပြီး ဆေးရုံကိုပို့ခဲ့ရတယ်လို့ ဒေသခံကပြောပါတယ်။
ဒီကနေ့ မီးရှို့ခံရတဲ့ရွာဟာ အနီးအနားတဝိုက်မှာ တိုက်ပွဲတွေဖြစ်ပွားတာမျိုးမရှိဘဲ မီးရှို့ခံခဲ့ရတာလို့ ဒေသခံကပြောပါတယ်။
ရွာထဲမှာစစ်သားတွေကအခုထိရှိနေသေးတာကြောင့် မီးလောင်ပျက်စီး ဆုံးရှုံး မှုအခြေနေကိုမသိရသေးသလို ပြည်သူတွေလည်းဖမ်းဆီးခံထားရဆဲ ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ – ယနေ့နံနက် မီးလောင်နေတဲ့ မီးလောင်ကျွန်းရွာသစ်
ဓါတ်ပုံ – Supplied
#Dailynews

