ရန်ကုန် – ၂၀၂၃ ဩဂုတ် ၂၅ (မော်ကွန်း)
လမ်းမြေပြိုကျသွားလို့ နှစ်ပတ်ကျော်ကြာပိတ်ထားရတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ ကုန်စည်ပို့ဆောင်ရေးလုပ်ကိုင်သူတွေဆီက သိရပါတယ်။
ယခုလ ၇ ရက်က မြဝတီမြို့အထွက် ရင်ကွဲတောင်ပေါ်၊ တောနော်ရေတံခွန်အနီးမှာ မိုးသည်းထန်စွာရွာသွန်းလို့ အာရှလမ်းရဲ့ လမ်းပိုင်းပေ၁၀၀ ခန့် ပြိုကျခဲ့ပြီး လမ်းကိုလည်း ပိတ်ထားရတာဖြစ်ပါတယ်။
၁၀ ရက်နေ့မှာတော့ စစ်ကောင်စီ ကရင်ပြည်နယ်အစိုးရက ယာယီဘေလီတံတားတစ်စင်း စတင်တည်ဆောက်ခဲ့ပြီး လက်ရှိမှာ တံတားပြီးစီးသွားတာကြောင့် လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာပါ။
မနေ့ညနေပိုင်းကစတင်ကာ တံတားအပေါ်ကို ဖြတ်သန်းခွင့်ပေးခဲ့တာဖြစ်ပြီး ကုန်တင်ယာဉ်တွေကိုလည်း ဖြတ်သန်းခွင့်ပေးခဲ့တယ်လို့ ကုန်တင်ယာဉ်မောင်းတစ်ဦးက ပြောပါတယ်။
“ ၁၀ ဘီးကားနဲ့ ၁၂ ဘီးကားတွေတော့ သွားခွင့်ပြုလိုက်တယ်၊ တွဲကားကြီးတွေတော့ သီးခြားအချိန်တစ်ခုမှာ ဖြတ်ခွင့်ပေးမယ်ပြောတယ်” လို့ သူက ပြောပါတယ်။
အသစ်တည်ဆောက်ထားတဲ့ ယာယီတံတားဟာ ခံနိုင်ဝန် ၅၅ တန်ရှိပြီး ပြိုကျသွားတဲ့ လမ်းရဲ့ နံဘေးမှာ တည်ဆောက်ထားတာဖြစ်တယ်လို့ ရန်ကုန်-မြဝတီ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်တဲ့ ကိုဖြိုးက ပြောပါတယ်။
“အရင်ရက်ကတော့ လမ်းပျက်နေတဲ့ ဘေးက မြေသားလမ်းကနေ ပေးဖြတ်တယ်၊ အခုက လမ်းပြတ်သွားတဲ့နေရာရဲ့ဘယ်ဘက်မှာ ထိုးနေတဲ့ ယာယီတံတားပြီးသွားတာကြောင့် တံတားပေါ်က ပေးဖြတ်တာပေါ့၊ တံတားခံနိုင်အားကတော့ ၅၅ တန်လို့ သတ်မှတ်ထားတယ်” လို့ သူက ပြောပါတယ်။
အဆိုပါ အာရှလမ်းပိတ်ထားစဉ်ကာလအတွင်း ကုန်စည်သယ်ယူပို့ဆောင်ရေးစရိတ်တွေ မြင့်တက်ခဲ့ကာ ကုန်စည်စီးဆင်းမှုတွေလည်း နှောင့်နှေးမှုတွေ ရှိခဲ့တယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ထိုင်းကုန်စည်တင်သွင်းသူတစ်ဦးကတော့ “လမ်းအခုပြန်ပွင့်သွားပြီပြောတယ်၊ ကျွန်မတို့ကုန်တွေ ဟိုဘက်မှာ ပိတ်မိနေတာ၊ အခုတော့ ပြန်ဆင်းလာပြီပြောတယ်၊ လမ်းပိတ်တုန်းကတော့ လမ်းဟောင်းတွေကလည်း ပတ်သွားရတော့ စရိတ်ကတက်တယ်။ မိုးတွင်းဆိုတော့ ကားကြီးတွေ သွားမရတာ၊ လုံခြုံစိတ်ချမှုလည်း မရှိတာကြောင့် လမ်းဟောင်းတွေက သိပ်အဆင်မပြေဘူး၊ ဒီအာရှလမ်းကပဲ အမြန်ဆုံးနဲ့ အသက်သာဆုံးပဲ”လို့ ပြောပါတယ်။
၂၀၁၅ မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ အာရှလမ်းသစ်ဟာ မြဝတီကုန်သွယ်ရေးဇုန်ကနေ ဝင်ရောက်လာတဲ့ ကုန်တင်ယာဉ်တွေ နေ့စဉ်ဖြတ်သန်းနေတဲ့ လမ်းဖြစ်ပြီး မြဝတီနဲ့ ရန်ကုန်မြို့ကို ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားတွေ၊ အိမ်စီးကားတွေလည်း နေ့စဉ်ဖြတ်သန်းနေတဲ့ ကုန်သွယ်ရေးအရ အရေးပါတဲ့ လမ်းပိုင်းတစ်ခုဖြစ်ပါတယ်။
ပုံစာ – ဒီနေ့မနက်ပိုင်းမှာ တံတားအသစ်ပေါ် ကားတွေဖြတ်သန်းနေစဉ်
ဓာတ်ပုံ – Ko Phyo
#Dailynews

