ရန်ကုန် – ၂၀၂၃ မတ် ၁၃(မော်ကွန်း)
ကယားပြည်နယ်၊ ဒီမော့ဆိုအရှ့ဘက်အခြမ်းကိုထိုးစစ်ဆင်နေတဲ့စစ်ကောင်စီတပ်တွေနဲ့တိုးမှာစိုးရိမ်ပြီး ဒေသခံတွေဟာအရေးပေါ်ရွှေ့ပြောင်းနေကြရတယ်လို့ စစ်ရှောင်တွေကိုအကူညီပေးနေတဲ့နွေဦးဂုရုလေးများအဖွဲ့ကပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း စစ်ကြောင်းထိုးပြီးပြန်လည်ဆုတ်ခွာလာတဲ့စစ်ကောင်စီ တပ်တွေက ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့၊နမ်းနှိမ်ကျေးရွာမှာ ဘုန်းကြီးသုံးပါးအပါအ၀င် အရပ်သား ၃၀ နီးပါးကို အစုအလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေနဲ့ထိပ်တိုက်တိုးပြီး ပိတ်မိမှာကိုဒေသခံတွေကကိုစိုးရိမ်နေကြတာပါ။
“အစုလိုက်အပြုံလိုက်အသတ်ခံရတဲ့သတင်းကိုကြားပြီး ဒေသခံတွေကပိုစိုးရိမ်ပြီး အရေးပေါ် စုပြုံပြီးရွှေ့တဲ့ အခြေနေဖြစ်နေတယ်။ စစ်ကြောင်းနဲ့တိုးရင်ပိတ်မိသွားရင်ပိုဆိုးမယ်ဆိုပြီးအမြန်ရွှေ့ပြောင်းနေကြတယ်” လို့ နွေဦးဂုရုလေးများအဖွဲ့တာဝန်ရှိသူကပြောပါတယ်။
ဒီမော့ဆိုအရှေ့ဘက်ခြမ်းကစစ်ရှောင်တွေခိုလှုံနေတဲ့ရွာကြီးလေးရွာထဲကကျေးရွာတွေနဲ့ စစ်ရှောင်စခန်းတွေအပါအ၀င် နေရာကိုးခုကအရေးပေါ်ရွှေ့ပြောင်းဖို့လိုအပ်နေတဲ့ဒေသခံပြည်သူငါးထောင်ဝန်းကျင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လူမှုရေးအဖွဲ့တွေပူးပေါင်းပြီးကားနဲ့ခေါ်ဆောင်ပေးတာ၊ စက်သုံးဆီ ထောက်ပံ့ပေးတာတွေလုပ်ဆောင်ကာ ရွှေ့ပြောင်းပေးနေတာဖြစ်ပါတယ်။
“ နောက်ထပ်နှစ်ရက်သုံးရက်လောက်ထပ်ရွှေ့ရဦးမယ်။ ရွှေ့ပြောင်းရေးအတွက်ဒီကြားထဲ စစ်ကောင်စီရဲ့ထိုးစစ်ကိုခံစစ်လုပ်ပေးထားနိုင်မှရမယ်လို့” ရွှေ့ပြောင်းရေး အကူညီပေးနေတဲ့လူမှုရေးအဖွဲ့၀င်တစ်ဦးကပြောပါတယ်။
အခုလ ၁၀ ရက်ဝန်းကျင်ကစတင်ကာ စစ်ကောင်စီတပ်တွေဟာ ကရင်နီနယ်ကိုစစ်ကြောင်းသုံးကြောင်းနဲ့ ထိုးစစ်ဆင်တာ၊ လေကြောင်းကနေတိုက်ခိုက်တာတွေလုပ်ဆောင်နေပြီး စစ်ရှောင်တွေခိုလှုံနေတဲ့ကျေးရွာတွေအပါအ၀င် စစ်ရှောင်စခန်းတွေနားအထိပါစစ်ကြောင်းထိုးတိုက်ခိုက်မှုတွေလုပ်ဆောင်နေတယ်လို့ Karenni Military Information Centerကထုတ်ပြန်ပါတယ်။
Photo-Karenni Military Information Centre
#Dailynews

