ရန်ကုန်၊၂၀၂၃မတ်(၈)မော်ကွန်း
အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံရဲ့အခုနှစ်နွေရာသီဟာ အပူချိန်စံချိန်တင်မြင့်တက်မှုဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
လက်ရှိကာလဟာ လာနီညာရာသီဥတုဖြစ်စဉ် ကနေ အယ်နီညိုရာသီဥတုဖြစ်စဉ်ကို ကူးပြောင်းနေတဲ့ ကြားကာလဖြစ်ပြီး မတ်လနောင်းပိုင်းကနေမေလကုန်အထိ ပုံမှန်နှစ်တွေထက်အပူချိန်မြင့်တက်မှုကိုကြုံတွေ့နိုင်တယ်လို့ဆိုပါတယ်။
” ၂၀၂၀ ကနေ၂၀၂၂ ထိက အအေးပိုတဲ့လာနီညာနှစ်တွေပေါ့၊ အရင်ကဆို လာနီညာဖြစ်ပြီး အယ်နီညိုကိုကူးပြောင်းဖို့အတွက် ကြားထဲမှာတစ်နှစ်ကျော်လောက်ခြားသေးတယ်။ အခုကတော့ကမ္ဘာကြီးပူနွေးလာမှုကြောင့် ရာသီဥတုကူးပြောင်းမှုက ချက်ခြင်းဖြစ်လာတယ်။ အခုနှစ်နွေရာသီကတော့ ပျမ်းမျှခန့်မှန်းချက်အရ ပြီးခဲ့တဲ့သုံးနှစ်ကထက် မြန်မာတစ်နိုင်ငံလုံးအတိုင်းတာနဲ့ အပူချိန်မြင့်တက်မှုဖြစ်ပေါ်နိုင်တယ်”လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ တာဝန်ရှိသူကပြောပါတယ်။
ဒီလိုအပူချိန်မြင့်တက်မှုကို မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရပ်ဝန်းအပူပိုင်းဒေသတွေဖြစ်တဲ့ မကွေးတိုင်းနဲ့စစ်ကိုင်းတိုင်းအောက်ပိုင်းဒေသတွေမှာပိုမိုကြုံတွေ့နိုငိတယ်လို့ ဆိုပါတယ်။၎င်းဒေသတွေရဲ့ လက်ရှိမတ်လဆန်းပိုင်း ပျမ်းမျှအပူချိန်ဟာ ၄၀ ဒီဂရီစင်တီဂရိတ်ဝန်းကျင်ရှိနေတာပါ။
လာနီညာရာသီဥတုဖြစ်ပေါ်ခဲ့တဲ့ ၂၀၂၀ နွေရာသီမှာမကွေးတိုင်းဒေသကြီးချောက်မြို့ရဲ့အပူချိန်ဟာ ၄၇.၁ဒီဂရီစင်တီဂရိတ်အထိဖြစ်ပေါ်ခဲ့ပြီး ၄၉နှစ်အတွင်းအမြင့်ဆုံးအပူချိန်အဖြစ်စံချိန်တင်ရောက်ရှိခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ မှတ်တမ်းတွေအရသိရပါတယ်။
၂၀၂၃ မှာ ကမ္ဘာတစ်ဝှမ်း အယ်နီညိုကျရောက်ပြီး မတ်လကနေမေလအတွင်း အပူချိန်မြင့်တက်မှုတွေကြုံတွေ့နိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ကြီးက အခုလ ၁ ရက်နေ့က အသိပေးထုတ်ပြန်ခဲ့ပါတယ်။
Photo : WMO
#Dailynews

