ရန်ကုန် – ၂၀၂၃ မတ်၂(မော်ကွန်း)
လျှပ်စစ်မီးပုံမှန်မရရှိတော့တာကြောင့် ရန်ကုန်တိုင်းအတွင်း မီးသွေးသုံးစွဲမှုသိသိသာသာမြင့်တတ်လာပြီး စျေးထပ်တက်နိုင်တယ်လို့ မီးသွေးရောင်းဝယ်ရေးလုပ်ငန်းရှင်တွေကပြောပါတယ်။
အာဏာမသိမ်းခင်ကနဲ့နှိုင်းယှဥ်ရင်မြို့ကြီးတွေရဲ့မီးသွေးအမှာက သိသိသာသာမြင့်တက်လာပါတယ်။ ရန်ကုန်မီးသွေးဈေးကွက်မှာတော့ အခုလိုမီးသွေးရာသီချိန်မှာအရင်ကတစ်ရက်ကိုမီးသွေးအိတ်တစ်သောင်းခွဲလောက်သာရန်ကုန်ဈေးကွက်ကိုဝင်ရောက်ပေမယ့် လက်ရှိမှာတော့သုံးသောင်းဝန်းကျင်လောက်ထိရန်ကုန်ဈေးကွက်ကိုဝင်တယ်လို့ မီးသွေးရောင်းဝယ်ရေးလုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။
“အာဏာသိမ်းခါစကအခြေနေနဲ့ယှဥ်ရင် မီးသွေးအမှာတွေကများလာတယ်။အရင်ကဆို မီးသွေးကို ဂတ်စ်စျေးက ထိန်းထားသေးတယ်။အခုကဂတ်စ်စျေးတွေလဲတတ်တော့ မီးသွေးကိုပဲအားကိုပြီးပြန်သုံးလာကြတယ်။”လို့ ၎င်းကပြောပါတယ်။
မီးသွေးအတွက်လိုအပ်တဲ့ သစ်ကုန်ကြမ်းတွေကိုတော့ ဆည်ရေမြုပ်ဧရိယာတွေကထွက်ရှိတဲ့သစ်တွေ၊ သစ်စိုက်ကွက်ဧရိယာရှင်းလင်းရာမှထွက်ရှိလာတဲ့သစ်တွေကို အသုံးပြုတာဖြစ်ပြီး ရခိုင်ရိုးမနဲ့ပဲခူးရိုးမကနေ ကုန်ကြမ်းအများဆုံးရရှိတယ်လို့ မီးသွေးကုန်သည်တစ်ဦးကပြောပါတယ်။
လက်ရှိမှာတော့ သစ်တောတွေမှာ မီးသွေးကုန်ကြမ်းရရှိမှုကလည်း နည်းပါလာတာကြောင့် လာမယ့်လပိုင်းတွေမှာ မီးသွေးစျေးနှုန်းမြင့်တတ်လာ နိုင်တယ်လို့ဆိုပါတယ်။
“မီးသွေးအတွက်ကုန်ကြမ်းကနွေမှရတာ မိုးတွင်းဆိုပုံမှန်မီးသွေးစျေးကတက်လေ့ရှိတယ်။အခုကတော့ သစ်တောတွေကအခြေနေမကောင်းဘဲ ကုန်ကြမ်းအရနည်းတယ်။ အရင်ကဆို မီးသွေးဖုတ်တဲ့သူတွေက ရလာတဲ့မီးသွေးကိုအကုန်မရောင်းပဲချန်ထားပြီးထိန်းရောင်းကျတာ။ အခုက ခက်ခဲလာတော့ လက်တလော စားဝတ်နေရေးအဆင်ပြေဖို့ရှိတာအကုန်ထုတ်ရောင်းပြီးဖြေရှင်းနေကြတော့ မိုးနည်းနည်းစ၀င်တာနဲ့မီးသွေးစျေးက တက်လာဖို့ပဲရှိတယ်လို့ ၎င်းကပြောပါတယ်။
စစ်အာဏမသိမ်းခင်က မီးသွေး ၁၀ ပိဿာတစ်အိတ်ကို လက်ကားစျေးလေးထောင်ကျပ်ဝန်းကျင်သာရှိခဲ့ပေမယ့် လက်ရှိမှာ လက်ကားစျေး ၈,၀၀၀ ကျပ်ဝန်းကျင်ရှိပြီး လက်လီ တစ်အိတ်ကိုတော့ ၉,၀၀၀ ကျပ်နဲ့ ၁၀,၀၀၀ ကြားရှိပါတယ်။
စစ်အာဏာသိမ်းပြီး နှစ်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာနဲ့လျှပ်စစ်မီးပုံမှန်မရရှိဘဲ မီးပြတ်ချိန်ပိုများလာတဲ့အတွက် ချက်ပြုတ်ရေးမှာမီးသွေးကိုပြန်လည် အသုံးပြုလာကြတာပါ။
“မီးကလာတာထက်ပြတ်တာကပိုများနေတယ်။လာချိန်ကလဲမမှန်ဘူး မီးကိုစောင့်ပြီး ထမင်းချက် ၊ဟင်းချက်ဖို့ကအဆင်မပြေဘူး၊ နွေရာသီရောက်ရင်ပိုဆိုးမှာဆိုတော့ မီးသွေးပဲပြန်အားကိုးသုံးနေရတယ်”လို့ အိမ်ရှင်မတစ်ဦးကပြောပါတယ်။
စစ်ကောင်စီကအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝန်းလုံးကို အလှည့်ကျစနစ်နဲ့လျှပ်စစ်မီးပေးနေတာဖြစ်ပါတယ်။ ရန်ကုန်တိုင်းအတွင်းမီးပေးမှုမှာတော့ လေးနာရီခြားတစ်ခါ အလှည့်ကျစနစ်နဲ့ အုပ်စုခွဲကာ မီးပေးနေတာပါ။
#Dailynews

