ရန်ကုန်၊၂၀၂၃ဖေဖော်ဝါရီ၂၃(မော်ကွန်း)
၁၀တန်းစာမေးပွဲကာလအတွင်း ရန်ကုန်တိုင်းရှိ စက်မှု၊ လက်မှုလုပ်ငန်းတွေအနေနဲ့ ညပိုင်းဓာတ်အားသုံးစွဲပြီး အလုပ်မလုပ်ဖို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ကြေညာချက်ထုတ်ပြန်ပါတယ်။
၁၀တန်းဖြေဆိုမယ့် ကျောင်းသားတွေညပိုင်းစာကြည့်နိုင်အောင် ဓာတ်အားတိုးမြှင့်ပေးနိုင်ဖို့ အခုလိုတားမြစ်ရတာဖြစ်တယ်လို့ ဆိုပါတယ်။
မတ် ၁ ရက်ကနေ ၂၀ ရက်အထိ ညနေ ၅ နာရီကနေ ည ၁၀ နာရီအတွင်း ဓာတ်အားသုံးစွဲပြီး လုပ်ငန်းဆောင်ရွက်တာကို စစ်ဆေးတွေ့ရှိရင် အုပ်ချုပ်မှုနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။
“မီးလာတဲ့အချိန်ကို ချိန်ပြီးအခုကအလုပ်လုပ်နေရတာ၊မီးကိုမှန်အောင်မပေးနိုင်ဘဲ အခုလိုလိုက်ကန့်သတ်တာက ဘယ်သူ့အတွက်မှအဆင်မပြေဘူး။တစ်ချိန်လုံး မီးပြတ်နေပြီး စာမေးပွဲရက်လေးကြမှ မီးလာပေးတာက လည်းအဆင်ပြေစရာမှမရှိတာ”လို့ မရမ်းကုန်းမြို့နယ်မှာနေထိုင်တဲ့ ပြည်သူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။
စစ်ကောင်စီလက်အောက်ခံ ပညာရေးဝန်ကြီးဌာနက ကျင်းပတဲ့ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်းစာမေးပွဲကို မတ် ၈ ရက်ကနေ ၁၈ ရက်အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်။
#Dailynews

