ယောဒေသကို ဖုန်းလိုင်းတွေဖြတ်တောက်ပြီး စစ်ကောင်စီလေကြောင်းကထိုးစစ်ဆင်

ယောဒေသကို ဖုန်းလိုင်းတွေဖြတ်တောက်ပြီး စစ်ကောင်စီလေကြောင်းကထိုးစစ်ဆင်

ရန်ကုန် – ၂၀၂၅ မတ် ၂၀ (မော်ကွန်း)

ဒီရက်ပိုင်းအတွင်း မကွေးတိုင်း ယောဒေသကမြို့တွေကို တယ်လီဖုန်းဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားပြီး မြေပြင်မှာလည်း စစ်ကောင်စီစစ်ကြောင်းထိုးနေတယ်လို့ ၎င်းဒေသခံတချို့က ပြောပါတယ်။

ယောဒေသဖြစ်တဲ့ ဂန့်ဂေါခရိုင်အတွင်းက ဂန့်ဂေါ၊ ထီးလင်း၊ ကျောက်ထု၊ ဆောနဲ့ ကျော မြို့တွေမှာ မနေ့ကစပြီး အင်တာနက်လိုင်းနဲ့ဖုန်းလိုင်းတွေ ဖြတ်တောက်ခံလိုက်ရတာပါ။

စစ်ကောင်စီဟာ ဆက်သွယ်ရေးလိုင်းတွေဖြတ်တောက်ပြီးနောက်မှာ ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေထဲမှာ မြေပြင်စစ်ကြောင်းတွေ ထိုးနေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်းရှိတယ်လို့ ထီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။

မနေ့ကစပြီး စစ်ကောင်စီတပ်ရဲ့ ဂန့်ဂေါအခြေစိုက် ခလရ (၅၀) တပ်ရင်းက အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဂန့်ဂေါမြို့အနောက်တောင်ပိုင်းမှာရှိတဲ့ မြစ်သာဆည်အနီးကို စစ်ကြောင်းထိုးနေတယ်လို့ ဒေသတွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့ ယောအလင်းတန်းက ဒီမနက်ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဒီနေ့ နေ့လယ် ၁ နာရီခန့်မှာ ဆောမြို့နယ်တစ်နေရာနဲ့ ကျောက်ထုမြို့နယ် တစ်နေရာတို့ကို ဂျက်ဖိုက်တာနှစ်စင်းနဲ့ လေကြောင်းတိုက်ခိုက်သွားသေးတယ်လို့လည်း အသိပေးထားပါတယ်။

ဆောဒေသခံတစ်ဦးကတော့ “ဖုန်းလိုင်းကတော့ ဂန့်ဂေါနဲ့ ဒီဘက်ကျောက်ထုဘက်တွေ လုံးလုံးမရတော့ဘူး။ တချို့နေရာတွေမှာတော့ ဝိုင်ဖိုင်ရှိတဲ့နေရာတွေတော့ အင်တာနက်တော့ရသေးတယ်” လို့ပြောပါတယ်။

လက်ရှိမှာ တော်လှန်ရေးအင်အားကောင်းလာတဲ့ယောဒေသကို စစ်ကောင်စီက အင်အားဖြည့်တင်းနေပြီး နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။

ပုံတောင်ပုံညာတောင်တန်းနဲ့ ချင်းတောင်တန်းကြားတည်ရှိတဲ့ ဒီဒေသမှာ မြို့ပေါ်နဲ့ ကျေးရွာအများစုဟာ စစ်ကောင်စီထိန်းချုပ်မှုအောက် ရှိနေသေးတယ်ဆိုပေမယ့် တော်လှန်ရေးအင်အားစုတွေကလည်း ကျေးလက်ဒေသတွေ တောင်ပေါ်ဒေသတွေကို ထိန်းချုပ်ထားတာပါ။

ဒီအခြေအနေတွေကြောင့် ဒေသတွင်းမှာ ကုန်စည်စီးဆင်းမှုလည်း အားနည်းနေပြီး ဒေသခံတွေ လုပ်ကိုင်စားသောက်ရာမှာ အခက်အခဲတွေရှိတယ်လို့ ယောဒေသခံတချို့ကပြောကြပါတယ်။

“အရင်လည်း ဖုန်းလိုင်းက သိပ်မကောင်းဘူး။ ဆန်တော့ ထွက်တယ်။ ဆီလည်း မပူရဘူး။ အဓိကတော့ ဒီကုန်စည်တွေ တစ်နေရာနဲ့တစ်နေရာ သယ်မရဘူး၊ အပြင်က လိုတဲ့ဟာလည်း ဝယ်မရဘူး” လို့ ထီးလင်းဒေသခံတစ်ဦးက ပြောပါတယ်။

ဒီလဆန်းပိုင်းမှာလည်း ဂန့်ဂေါမြို့နယ်က မြစ်သာဆည်အနီးတပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသတွင်းတော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတာကြောင့် စခန်းမှူးတစ်ဦးအပါအဝင် ခြောက်ဦးသေဆုံးသွားတယ်လို့ ဒီတိုက်ခိုက်မှုမှာပါဝင်တဲ့ မြိုင်ပကဖက အသိပေးထားပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်းထဲက တော်လှန်ရေးတပ်တွေ ပေါ်ပေါက်ကာ လှုပ်ရှားနေတဲ့ ယောဒေသမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ တပ်ရင်းတွေအပြင် ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်း အများအပြားရှိနေတာပါ။

ပုံစာ – ယောဒေသမှာ လှုပ်ရှားနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့

ဓါတ်ပုံ – အမှတ် ၈၁ ယောဗျူဟာ

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."