ရန်ကုန်၊၂၀၂၃-ဖေဖော်ဝါရီ ၂၂(မော်ကွန်း)
FOEIM မှာကျောင်းတက်နေတဲ့ ကျောင်းသားတွေရဲ့ အမည်စာရင်းနဲ့အချက်အလက်အချို့ ပေါက်ကြားပြီးနောက်လုံခြုံရေးအရ ဒီနေ့မနက်ပိုင်းစာသင်တန်းအချို့ကို ရပ်နားထားတယ်လို့ ကျောင်းသားမိဘတွေထံက သိရပါတယ်။
လုံခြုံရေးအရ လက်ရှိမှာ Zoomနဲ့ဆက်သင်ဖို့အဆင်မပြေနိုင်တာကြောင့် ကျန်ရှိနေတဲ့သင်ခန်းစာတွေအတွက် စာသင်ကြားပေးမယ့်ပုံစံပြောင်းလဲသွားမယ်ဆိုတာ စာပို့အကြောင်းကြားလာတယ်လို့ ကျောင်းသားမိဘ တွေကပြောပါတယ်။
“စာအရတော့ အခုသင်နေတာကို အခြေနေအရရပ်ထားတော့မယ်ထင်တယ်။အခုကလေးတက်နေတဲ့အတန်းက ဒေတာတွေကိုတော့ အရင်ထဲကဖျက်ထားပြီးသားမို့ စိတ်ပူစရာမလိုဘူးလို့တော့ပြောတယ်။ ဒါပေမယ့်လည်း လုံခြုံရေးကိုတော့ ဂရုစိုက်ဖို့ ဖုန်းထဲမှာရှိတဲ့အချက်အလက်တွေဖျက်ထားဖို့စာပို့အကြောင်းကြားတယ်လို့” ကျောင်းသားမိဘတစ်ဦးကပြောပါတယ်။
အခုလိုအချက်အလက်တွေပေါက်ကြားလာတာကြောင့် စိုးရိမ်စိတ်နဲ့စိတ်ပူနေရသလို ကလေးပညာရေး အတွက်လည်း ဘာဆက်လုပ်ရမယ့်အခြေနေမှန်းမသိအောင်ဖြစ်မိတယ်လို့ မူလတန်းကျောင်းသားတစ်ဦးရဲ့ မိဘကပြောပါတယ်။
“စကစကျောင်းမှာမထားချင်လို့ ကိုယ်တိုင်ကလည်း အရမ်းတတ်နိုင်တဲ့ထဲမှာမပါတော့ CDMဆရာ၊ဆရာမတွေသင်တဲ့ အွန်လိုင်းကျောင်းကိုပဲ ရွေးချယ်ခဲ့တာ။အခုလိုတွေဖြစ်ပြီး ဆက်သင်ဖို့အဆင်မပြေတော့ရင် လာမယ့်နှစ် ကြကလေးစာသင်ဖို့ ဘယ်လိုလုပ်ရမလဲမသိအောင်ပဲ စကစကျောင်းသွားပြန်ထားရင်လည်း ၅တန်းတက်ရမယ့် ကလေးက တစ်တန်း၊နှစ်တန်းကနေပြန်တက်ရမှာဆိုတော့ ကလေးအတွက်လည်းအဆင်မပြေဘူးလို့” ၎င်းကပြောပါတယ်။
မနေ့ညပိုင်းကစတင်ကာ စစ်ကောင်စီလက်အောက်ခံ လော်ဘီတွေရဲ့ တယ်လီဂရမ်ချန်နယ်မှာ FOEIM ကျောင်းမှာတတ်ရောက်နေတဲ့ ကျောင်းသား (၃၀၀)ကျော်ရဲ့ နာမည်၊မိဘနာမည်နဲ့ဖုန်းနံပါတ်တွေပါ၀င်တဲ့ အချက်အလက်တွေကိုတင်ပြီး အရေးယူဖို့လှုံဆော်ရေးသားမှုတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
Free Online Educational Institution Myanmar- FOEIM ကျောင်းမှာ အွန်လိုင်းကနေတစ်ဆင့် CDM ကျောင်းသားတွေ ပညာသင်ကြားနေပြီး အခြေခံပညာကျောင်းသားအများစုတတ်ရောက်နေတဲ့ အွန်လိုင်း စာသင်ကျောင်းဖြစ်ကာ NUG ပညာရေးဝန်ကြီးဌာနရဲ့ အသိမှတ်ပြုကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
#Dailynews

