ခင်ဦး-၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်ခြမ်းနဲ့ မြောက်ခြမ်းကကျေးရွာတွေကို စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေဒီကနေ့မနက်ပိုင်းက စစ်ကြောင်းထိုးဝင်ရောက်တာကြောင့် ဒေသခံငါးထောင်ဝန်းကျင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“အနောက်ခြမ်းမှာ ဒီကနေ့မနက် ၇ နာရီခွဲဝန်းကျင်လောက်ပေါ့၊ အင်းပတ်ကွေ့ဈေးတန်းအထိုင်ချနဲ့ ရွာသစ်ကုန်းပျူစောထီးခြံက ပျူတွေပေါင်းပြီး အင်အားက ၄၀ ဝန်းကျင်လောက်က လက်နက်ကြီး၊ လက်နက်ငယ်တွေရမ်းသမ်းပစ်ခတ်ပြီး အောင်ချမ်းသာကျေးရွာထဲဝင်တယ်။ အဲ့နားက ငါးရွာလောက်က ထွက်ပြေးတိမ်းရှောင်လိုက်ရတယ်။ခင်ဦးမြောက်ခြမ်း ကန့်ဘလူနယ် ဇီးကုန်းသကြားစက်မှာ စစ်ကြောင်းရောက်နေတယ်။ ဒီနေ့အဲ့စစ်ကြောင်းက ခင်ဦးနယ်ထဲကိုပြန်ကူးလာတာ။ မဒေါင်းလှပျူစောထီးတွေကလည်း အဲဒီစစ်ကြောင်းကို သွားပြီးကြိုနေတာ၊ သွားကြိုတဲ့ လမ်းတစ်လျှောက်မှာ လက်နက်ကြီးငယ်တွေပစ်ပြီးတော့ ပိတောက်ကုန်းကျေးရွာအနီးပတ်လည်က ဒေသခံတွေကတော့ ထွက်ပြေးနေရတယ်” လို့ ၎င်းကဒီကနေ့မနက်အခြေအနေကို ပြောပါတယ်။
အောင်ချမ်းသာကျေးရွာထဲကိုဝင်တဲ့စစ်ကြောင်းက ပြည်သူပိုင်နေအိမ်တွေက ဆန်ဆီ ရိက္ခာတွေသယ်ဆောင်ပြီး မနက်ဆယ်နာရီဝန်းကျင်က ပြန်ထွက်သွားပြီလို့ ဒေသခံတွေက ဆိုပါတယ်။
ဒါပေမယ့် ခင်ဦးမြောက်ခြမ်းက ပိတောက်ကုန်းကျေးရွာအနီးမှာ စစ်ကြောင်းရှိနေတာကြောင့် ပိတောက်ကုန်းအနီးက ကျေးရွာငါးရွာက ဒေသခံတွေ နေရပ်ပြန်မရသေးဘူးလို့ သိရပါတယ်။
ခင်ဦးမြောက်ခြမ်းမှာ ဝင်ရောက်နေတဲ့ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ က ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေကို မီးပတ်ရှို့ထားတဲ့စစ်ကြောင်းဖြစ်တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက ဆိုပါတယ်။
ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ပျူစောထီးတွေက နေ့တိုင်းနီးပါး လက်နက်ကြီးငယ်တွေပစ်တာကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတွေ နေ့စဉ်တိုးလာနေပြီး စားနပ်ရိက္ခာတွေလည်း အရေးပေါ်အကူအညီလိုအပ်နေပါတယ်။
Photo-ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

