ရန်ကုန်-၂၀၂၃၊ဖေဖော်ဝါရီ၂၀(မော်ကွန်း)
လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းတွေကို ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှပ်နှံမှုကဏ္ဍအဖြစ် တိုးမြှင့်သတ်မှတ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်က အခုလ ၁၅ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
ခွင့်ပြုမယ့်လုပ်ငန်းကဏ္ဍအမျိုးအစားတွေကတော့ လျှပ်စစ်သုံးယာဉ်အမျိုးမျိုးတပ်ဆင်၊ထုတ်လုပ်ပြုပြင်ထိန်းသိမ်းရေး၊ လျှပ်စစ်ဓာတ်အားဖြည့်သွင်းရေးနဲ့ဆိုင်တဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ၊ လျှပ်စစ်သုံးဘတ်စ်ကားပြေးဆွဲရေး ဝန်ဆောင်မှုလုပ်ငန်းတွေပါဝင်ပါတယ်။
ဒါ့အပြင် လျှပ်စစ်မီးရထားစစ်ခေါင်း ထုတ်လုပ်တဲ့လုပ်ငန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးတဲ့လုပ်ငန်း၊လျှပ်စစ်သုံးယာဉ်အတွက် လျှပ်စစ်ဓာတ်အားဖြည့်သွင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ လျှပ်စစ်သုံးယာဉ်အတွက် ဘက်ထရီထုတ်လုပ်တဲ့လုပ်ငန်း ဘတ်ထရီနဲ့ဆက်စပ်တဲ့ဝန်တောင်မှုလုပ်ငန်းတွေလည်းပါဝင်တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီလို ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှပ်နှံမှုကဏ္ဍမှာ အကျူံးဝင်တဲ့ လုပ်ငန်းတွေဟာ ရင်းနှီးမြှပ်နှံမှုလုပ်ငန်းတည်ထောင်တာ ဒါမှမဟုတ် ပြင်ဆင်တဲ့ကာလမှာ တင်သွင်းလာတဲ့ တည်ဆောက်ရေးပစ္စည်းစက်ကရိယာတွေနဲ့ပတ်သက်လို့ အကောက်ခွန်နဲ့ဝင်ငွေခွန် ကင်းခွတ်ခွင့်၊သက်သာခွင့်တွေကို ဥပဒေနဲ့အညီ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်ရှင်မှာ လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်။
အာဏာသိမ်းပြီးနှစ်နှစ်အတွင်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လျှပ်စစ်မီးအလှည့်ကျစနစ်နဲ့သာ ရရှိနေတဲ့အခြေနေမှာ လျှပ်စစ်ကား၊လျှပ်စစ်ရထား စီမံကိန်းတွေဟာ လက်တွေ့အခြေနေနဲ့ နီးစပ်မှုမရှိတဲ့ လုပ်ဆောင်ချက်သာ ဖြစ်တယ်လို့ နှစ်၃၀နီးပါး ကားဝယ်ရောင်းအတွေ့အကြုံရှိသူတစ်ဦးက ထောက်ပြပြောဆိုပါတယ်။
“လျှပ်စစ်ကားအတွက် အခြေခံလိုအပ်ချက်ဖြစ်တဲ့ လျှပ်စစ်မီးပုံမှန်မရဘဲ ဘယ်လိုအဆင်ပြေနိုင်မလဲ ပြည်သူကိုမျက်နှာမမူဘဲလုပ်တဲ့ စီမံကိန်းတွေလို့ပဲ ပြောချင်တယ်။”လို့ ၎င်းကသုံးသပ်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စကစ ဥက္ကဌဟာ လျှပ်စစ်ရထား၊လျှပ်စစ်ကားသုံးစွဲမှုကို တိုးမြှင့်လုပ်ဆောင်မယ်ဆိုတဲ့ စကားကို အစည်းဝေးပွဲတွေမှာ မကြာခဏ ထည့်သွင်းပြောဆိုလေ့ရှိတာဖြစ်ပါတယ်။
Photo: Xinhua
#Dailynews

