ယင်းမာပင် – ၂၀၂၃ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ နေအိမ်တွေမီးရှို့ခံရလို့ တခြားနေရာတစ်ခုကိုပြောင်းရွှေ့ဆောက်လုပ်ကာ စစ်ရှောင်နေထိုင်ကြရတဲ့ပြည်သူတွေရဲ့နေအိမ်တွေကို မနေ့မနက်မှာ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေက လာရောက်ကာ ထပ်မံမီးရှို့ခဲ့ကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ယင်းမာပင်၊ ယာကြီး – ကလေးဝလမ်းဘေး ဘန့်ဘွေးရွာဟာ အာဏာသိမ်းစစ်တပ်ကိုထောက်ခံတဲ့ ပျူစောထီးရွာဖြစ်ပြီး အဲဒီရွာက ပျူတွေနဲ့စစ်သားတွေကိုယ်တိုင် လာရောက်မီးရှို့တာ ဒီတစ်ကြိမ်နဲ့ဆိုရင် သုံးကြိမ်မြောက်ဖြစ်ပြီလို့ ဒေသခံတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
အခုမီးရှို့ခံရတဲ့သူတွေဟာ လွန်ခဲ့တဲ့တစ်နှစ်က သူတို့နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မီးရှို့ဖျက်ဆီးခဲ့လို့ အိုးမဲ့အိမ်မဲ့ဖြစ်ပြီး အခြားနေရာတစ်ခုမှာ လာရောက်ကာ နေအိမ်တွေ ဆောက်လုပ်နေထိုင်ကြသူတွေပါ။
မီးရှိုခံရတဲ့နေအိမ် ၂၂ လုံးရှိပြီး စစ်ရှောင်တဲလိုမျိုးမဟုတ်ဘဲ မိမိနေရပ်ကို မပြန်ရဲတော့တာကြောင့် နေရာတစ်ခုမှာ နေအိမ်အဖြစ်ပြန်ဆောက်ထားတဲ့ နေအိမ်တွေလို့ ဒေသခံကပြောပါတယ်။
Data For Myanmar ရဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၁၀ ရက်နောက်ဆုံး စောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစကနေ ခုအချိန်ထိ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းအကြမ်းဖက်စစ်တပ်နဲ့လက်အောက်ခံတွေကြောင့် စစ်ကိုင်းတိုင်းမှာ နေအိမ်ပေါင်း ၄၃,၀၀၀ ကျော်မီးလောင်ပျက်စီးခဲ့ရပါတယ်။
ပုံစာ – မီးလောင်ခဲ့ရသည့်နေအိမ်များ
ဓါတ်ပုံ – CJ
#Dailynews

