ရန်ကုန်၊၂၀၂၃-ဖေဖော်ဝါရီ၁၇(မော်ကွန်း)
လတ်တလောမှာ ရာသီအကူးအပြောင်းနဲ့အချိန်အခါမဟုတ်မိုးရွာသွန်းမှုတွေကြောင့် ပြည်သူတွေအနေနဲ့ ဖျားနာတာတွေအဖြစ်များနေတယ်လို့ ကျန်းမာရေးနယ်ပယ်ကသိရပါတယ်။
တုတ်ကွေးဖျားနာမှုနဲ့ ကိုဗစ်လက္ခဏာတွေက ဆင်တူတဲ့အတွက် ဖျားနာလျှင် နီးစပ်ရာကျန်းမာရေးဌာနတွေသွားရောက်ပြီး စနစ်တကျကုသမှုခံယူသင့်တယ်လို့ အထွေထွေရောဂါကု ဆရာဝန်တစ်ဦးကပြောပါတယ်။
“ဒီမှာကအရင်ထက်စာရင် ကိုဗစ်ကိုနည်းနည်းလေးပေါ့လာကြတယ်ပေါ့။ အခုဆိုတခြားအိမ်နီးချင်းနိုင်ငံတွေမှာလည်း ကိုဗစ်ဗီဇကွဲတွေ့တယ်ဖြစ်တာလည်းများနေတယ်ဆိုတော့ မပေါ့စေချင်ဘူး၊ ပုံမှန်တုပ်ကွေးဖြစ်တယ်ထင်ပြီး မပေါ့စေချင်ဘူး။ ပေါ့လိုက်လို့ ကိုဗစ်ဖြစ်နေမယ်၊ ဖျားတာရက်ကြာမှလဲသိမယ်ဆို အန္တရာယ်ရှိနိုင်တော့ ဖျားတာပဲဆိုပြီး မပေါ့ဘဲစနစ်တကျကုသမှုခံယူဖို့လိုတယ်။ကာကွယ်ဆးထိုးထားလည်း ကိုဗစ်ပြန်ဖြစ်နိုင်တဲ့အတွက် မပေါ့ဆဖို့ သတိပေးချင်ပါတယ်လို့”၎င်းကပြောပါတယ်။
ဓာတ်ခွဲစစ်ဆေးချက်တွေအရ မြန်မာနိုင်ငံမှာကိုဗစ်လူနာတွေ့ရှိမှုနည်းလာတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်းချက်အရသိရပါတယ်။ ဓာတ်ခွဲစစ်ဆေးချက်တွေအရ အရင်ထက်လူနာတွေ့ရှိမှုနည်းလာပြီး တစ်ချို့ရက်တွေမှာ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိမှုမရှိဘူးလို့ ဆိုပါတယ်။
စစ်ကောင်စီရဲ့ ဒီနေ့ထုတ်နိုင်ငံပိုင်သတင်းစာမှာတော့ ပြီးခဲ့တဲ့နှစ်ရက်အတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၄,၃၀၀ ကျော်ကို ဓာတ်ခွဲစစ်ဆေးခဲ့ရာ ကိုဗစ်အတည်ပြုလူနာသစ်နှစ်ဦးသာ တွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ပုံစာ- ယနေ့ နေ့လယ်က အချိန်အခါမဟုတ်မိုးရွာသွန်းနေစဉ် အမိုးအကာမပါဘဲ သွားလာနေသူတစ်ဦး
Photo : Mawkun
#Dailynews

