ရန်ကုန် – ၂၀၂၃၊ ဖေဖော်ဝါရီ ၁၃ ရက် (မော်ကွန်း)
၂၀၂၃ အတွက် ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲ The Japanese Language Proficiency Test (JLPT) တွေကို လူဦးရေအကန့် အသတ်မရှိအွန်လိုင်းစနစ်နဲ့ လက်ခံတော့မယ်လို့ မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်းကထုတ်ပြန်ပါတယ်။
ဂျပန်ဘာသာအရည်အချင်းစစ်စာမေးပွဲအတွက် Level 5 ခု မှာစာမေးပွဲလျှောက်လွှာပုံစံတွေကို ဖေဖော်ဝါရီ ၂၁ ကနေ မတ် ၃ ရက်ထိ Level အလိုက် သတ်မှတ်ရက်အတွင်းအသီးသီးလက်ခံသွားမယ်လို့ဖော်ပြထားပါတယ်။
“အကန့်အသတ်မရှိဘူးသာပြောတာဖောင်တင်ပြီးတာနဲ့ လူဦးရေကန့်သတ်လိုက်မှာစ်ိုးရိမ်ရတယ်။ အရင်တုန်းကလည်းသူတို့အဲ့လိုလုပ်ဖူးတယ်။ ကောင်းသလားဆိုးသလားတော့ဘာမှပြောမရသေးဘူး။ စောင့်ကြည့်ရမှာပဲ။“လို့ ဂျပန်စာသင်ယူနေသူတစ်ဦးကပြောပါတယ်။
JLPT စာမေးပွဲတွေကို တစ်နှစ်ကိုနှစ်ခါကျင်းပတာဖြစ်ပြီး Level အလိုက် စာမေးပွဲကြေးနဲ့လျှောက်လွှာကြေးကတော့ ကျပ်လေးသောင်းကနေ လေးသောင်းခွဲထိရှိပါတယ်။
ဂျပန်နိုင်ငံမှာ ကျောင်းတက်တာဖြစ်ဖြစ်၊ အလုပ်အကိုင်အမျိုးမျိုးလျှောက်ဖို့အတွက်ဆို ဂျပန်အစိုးရကအသိမှတ်ပြုထားတဲ့ ဒီ JLPT စာမေးပွဲကိုမဖြစ်မနေဖြေရတာပါ။
ဒီစာမေးပွဲဖြေဆိုဖို့ပြီးခဲ့တဲ့နှစ်ဒီဇင်ဘာတုန်းကဆိုလည်း ရန်ကုန်တက္ကသိုလ်ရှေ့မှာ အရုဏ်တက်ချိန်တည်းက JLPT စာမေးပွဲလျှောက်လွှာပုံစံလာယူသူတွေကြိတ်ကြိတ်တိုးလာရောက်စောင့်ဆိုင်းခဲ့ကြပြီး လူအချို့မူးမေ့သွားတာတွေလည်းရှိခဲ့ပါတယ်။
စစ်တပ်ကအာဏာသိမ်းပြီး နှစ်နှစ်အတွင်းမှာ ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းတွေရှားပါးလာတာကြောင့် နိုင်ငံခြားထွက်ပြီးအလုပ်လုပ်ကိုင်သူတွေများလာနေတာပါ။
Photo : Mawkun
#Dailynews

