မိုးကုတ် – ၂၀၂၃ ဇန်နဝါရီ ၃၁ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းနဲ့အရှေ့ပိုင်းမှာ အာဏာသိမ်းစစ်တပ်က မနေ့ကနဲ့ ဒီနေ့နှစ်ရက်ဆက်တိုက် ဆိုင်ကယ်တွေကိုဖမ်းဆီးနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်းရဲစခန်းအရှေ့နဲ့ အနီးတစ်ဝိုက်မှာဖမ်းပြီး အရှေ့ပိုင်းမှာလည်း အထိုင်ချဖမ်းဆီးတာရှိသလိုကားနဲ့လှည့်ဖမ်းတာလည်းရှိတယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
“အနောက်ပိုင်းမှာတော်တော်များတယ်၊ စခန်းရှေ့တင်ဖမ်းတာ၊လူတွေကမမြင်ကြတာဆိုးတယ်၊ပေါ်တင်ဖမ်းတာကိုဝင်သွားကြတာ၊ဟိုကစစ်ပြီးဖမ်းတာ”လို့ ကျပ်ပြင်ရပ်ကွက်ဒေသခံတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို၊ ကျပ်ပြင်ရဲစခန်းရှေ့မှာ ဖြတ်သွားသမျှဆိုင်ကယ်တွေကိုတားစီးကာ အကြောင်းအမျိုးမျိုးပြပြီးဆိုင်ကယ်သိမ်းသွားတာလို့ အဆိုပါဒေသခံကပြောပါတယ်။
သိမ်းထားတဲ့ဆိုင်ကယ်တွေကို မနက်ဖြန် ဖေဖော်ဝါရီတစ်ရက်မှာပိုက်ဆံပေးဖို့မလိုဘဲ ရဲစခန်းမှာလာရောက်ထုတ်ယူရမယ်လို့ အဖမ်းခံရသူတစ်ဦးကပြောပါတယ်။
မနက်ဖြန်ဟာ တိုင်းပြည်ရဲ့အာဏာကို စစ်တပ်က တရားမဝင်သိမ်းယူထားတဲ့ နှစ်နှစ်ပြည့်ဖြစ်ပြီး ပြည်သူတွေအနေနဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း တိတ်ဆိတ်ငြိမ်သက်ခြင်းသပိတ်ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြုလုပ်မှာဖြစ်ပါတယ်။
မိုးကုတ်မှာ ဖမ်းဆီးခံရတဲ့ ဆိုင်ကယ်အစီးအရေအတွက်အတိအကျကိုတော့မသိရသေးပါဘူး။
#Dailynews

