ရေစကြို – ၂၀၂၂ ဒီဇင်ဘာ ၂၂ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ထန်းပင်ချောင်းရွာနဲ့ရွာသာအေးရွာက နေအိမ် ၃၂လုံးကို အာဏာသိမ်းစစ်တပ်၊စစ်သားတွေက မနေ့ည ၇:၀၀ နာရီဝန်းကျင်က မီးရှို့ခဲ့တယ်လို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင် တာဝန်ရှိသူကပြောပါတယ်။
မနေ့မနက်အစောပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေနဲ့ ထန်းပင်ချောင်းရွာအနီးမှာ ထိတွေ့တိုက်ပွဲ သုံးနာရီကြာဖြစ်ပွားခဲ့ပြီး စစ်သားငါးဦးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။
“ရှုံးမဲမဲပြီးညနေဘက်မှာရွာတွေကိုမီးရှို့တာပါ၊ခုလည်း ရှင်မတောင်ဘက်ကနေစစ်ကြောင်းဆင်းလာလို့ ရွာသားတွေကထပ်ထွက်ပြေးနေရတယ်”လို့ ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့ – မြိုင်၊ တာဝန်ရှိသူကပြောပါတယ်။
ထန်းပင်ချောင်းရွာမှာ အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိပြီး အိမ် ၃၀ ရှို့ခံထားရကာ ရွာသာအေးကျေးရွာက နေအိမ် ၂လုံးမီးရှို့ခံထားရပါတယ်။
သဲတောရွာမှာလည်း ဒီဇင်ဘာ ၁၈ရက်ကနေ ၂၀ရက်အထိ သုံးရက်ဆက်တိုက် အာဏာသိမ်းစစ်တပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သားငါးဦးသေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။
” လက်နက်ကြီးနဲ့အဝေးကနေအရင်ပစ်တာပါ၊ ပြီးမှရွာထဲဝင်ပြီးလက်နက်ငယ်နဲ့ပစ်ခတ်မှုဖြစ်တာ၊ရဲဘော်နှစ်ဦးကျည်ထိပြီးကျဆုံးခဲ့တယ်”လို့ အဆိုပါတာဝန်ရှိသူကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်သားတွေဟာ ပခုက္ကူနည်းပညာတက္ကသိုလ်ကနေ အရှေ့ဘုန်းကံ၊ကွမ်းစီကန်၊သဲတော၊ကျောက်ထပ်၊ထန်းပင်ချောင်း၊ရွာသာအေးကျေးရွာတွေကို ဒီဇင်ဘာ ၁၇ ရက်ကနေ မနေ့ထိ စစ်ကြောင်းထိုးပြီး ဒီကနေ့မှာတော့ ပြန်လည်ထွက်ခွါသွားပါပြီ။
#Dailynews

