စစ်ကိုင်း -၂၀၂၃ ဖေဖော်ဝါရီ ၂၈ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်းက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေနဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ နေ့တိုင်းစစ်ကြောင်းထိုးနေတာကြောင့် စစ်ဘေးရှောင်ဦးရေ နေ့စဉ်နဲ့အမျှ ပိုများလာပြီး တိုက်ပွဲတွေလည်း မကြာခဏဖြစ်နေတယ်လို့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ရှောင်အရေးကူညီပေးနေသူတွေကပြောပါတယ်။
“ ဒီကောင်တွေက စစ်ကြောင်းထိုးရင်အင်အားက ရာဂဏန်းမလျော့ဘူး။ အခုက ယင်းမာပင်ခရိုင်ထဲဆို ယင်းမာပင်၊ ပုလဲ၊ ဆားလင်းကြီး အဲ့သုံးမြို့နယ်ကို အဓိကထားပြီး ဒီကောင်တွေစစ်ကြောင်းထိုးနေတာ၊ စစ်ရှောင်တွေကတော့ ပိုများလာတာပေါ့” လို့ ယင်းမာပင်ခရိုင်ထဲက ဒေသခံကာကွယ်ရေးအဖွဲ့တစ်ခုက တာဝန်ရှိသူက လတ်တလောအခြေအနေကို ပြောပါတယ်။
မနေ့ကလည်း စစ်အုပ်ချုပ်ရေးကြေညာခံထားရတဲ့ တန့်ဆည်မြို့မှာ ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ အပြန်လှန်တိုက်ပွဲဖြစ်ခဲ့ပြီး နှစ်ဖက်အထိအခိုက်အကျဆုံးကိုတော့ မသိရသေးပါဘူး။
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ဖြစ်ပွားခဲ့တဲ့တိုက်ပွဲပေါင်း ရှစ်ထောင်ကျော်ရှိလာပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP Myanmar က ယခုနှစ်ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေငြာခံထားရတဲ့ ခင်ဦးမြို့နယ်မှာလည်း စစ်ကောင်စီစစ်ကြောင်းတွေဟာ ပျူစောထီးတွေနဲ့ပေါင်းပြီး ကျေးရွာတွေကို ဝင်စီးတာ၊ မီးရှို့ဖျက်ဆီးတာနဲ့ စားနပ်ရိက္ခာနဲ့ အဖိုးတန်ပစ္စည်းတွေ ယူတာတွေနေ့စဉ်လိုလိုလုပ်ဆောင်နေတယ်လို့ ခင်ဦးဒေသခံတွေ ကဆိုပါတယ်။
“ခင်ဦးမှာက ပျူရွာတွေနဲ့ စစ်ကောင်စီတပ်တွေပေါင်းပြီး ရွာတွေထဲ လက်နက်ကြီး လက်နက်ငယ်နဲ့ နေ့တိုင်းပစ်နေတော့ စစ်ရှောင်က နေ့တိုင်းထောင်ဂဏန်းလောက်တိုးလာတယ်။ သူတို့အတွက် ဆေး၊ စားစရာနဲ့ နေစရာ အဓိက အခက်အခဲဖြစ်နေတာ” လို့ ခင်ဦးမြို့နယ်ထဲက စစ်ရှောင်အရေးကူညီပေးသူတစ်ဦးကပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းက စစ်ဘေးရှောင်တွေကို ကူညီတဲ့အဖွဲ့တွေလည်း စစ်ရှောင်တွေဆီ ရိက္ခာပို့မရဘူးလို့ ဆိုကြပါတယ်။
“ရိက္ခာပို့ရတာက လမ်းကြောင်းတွေကအဆင်မပြေတော့ဘူး။ တခြားဟာမပြောနဲ့ အခုဆို ဆန်တောင်ပို့လို့မရဘူး။သူတို့ (စစ်ကောင်စီ) က ပိတ်ထားတာ။ ဆီကအစသယ်လို့မရဘူး၊ စစ်ရှောင်တွေကတော့ စားစရာကိုမရှိတော့တာ” လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ အဖွဲ့တစ်ခုက တာဝန်ရှိသူက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံအနှံ့ စစ်ပြေးဒုက္ခသည်အရေအတွက် နှစ်သန်းကျော်ရှိလာပြီလို့ ISP Myanmar က ယခုနှစ်ဖေဖော်ဝါရီ လဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီဟာ အာဏာသိမ်းတာ နှစ်နှစ်ပြည့်ပြီး ယခုလ ၂ ရက်က စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၁ ခုကို စစ်အုပ်ချုပ်ရေးကြေငြာခဲ့ပါတယ်။
ယခုလ ၂၂ ရက်ကလည်း ရွှေဘို၊ အရာတော်၊ ဝက်လက် စတဲ့သုံးမြို့နယ်ကိုလည်း ထပ်တိုးခဲ့တာကြောင့် စစ်ကိုင်းတိုင်းမှာ စစ်အုပ်ချုပ်ရေးကြေငြာခံရတဲ့မြို့နယ် စုစုပေါင်း ၁၄ မြို့နယ်အထိရှိလာပြီဖြစ်ပါတယ်။
ပုံ – စစ်ကိုင်းတိုင်းအတွင်းကစစ်ဘေးရှောင်များ
Photo – ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

