ကောလင်း – ၂၀၂၂ ဒီဇင်ဘာ ၁၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ပေပင်ချောင်ရွာကို အာဏာသိမ်းစစ်တပ်က မနေ့ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ပြီး ပြည်သူငါးဦးကို သတ်ဖြတ်သွားတယ်လို့ ဒေသခံတွေဆီသိရပါတယ်။
“ပေပင်ချောင်ရွာထဲကို စစ်သားတွေဝင်လာချိန်စစ်ကြောင်းဝင်လာချိန် ရှောင်ချိန်မရလိုက်တဲ့ပြည်သူတွေ၊ နှိပ်စက်ခံရပြီးသတ်ခံထားရတဲ့ပုံပေါ်ပါတယ်”လို့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
အသတ်ခံထားရသူတွေဟာ ဦးသိန်းအောင်၊ ဦးအဲမောင်၊ ကိုနိုင်ဝင်းထွန်း၊ ကိုကံမင်းစိုးနဲ့ ဦးမြင့်စိုးတို့ဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
ဦးခေါင်းကို သေနတ်နဲ့ပစ်ထားတာ၊ လည်ပင်းကို ဓားနဲ့ထိုးထားတာ၊ နောက်ကျောကို သေနတ်နဲ့ပစ်ထားတာတွေကို သေဆုံးသူတွေရဲ့ ရုပ်အလောင်းတွေမှာတွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့က ကုက္ကိုကုန်းရွာ၊ ပေပင်ချောင်ရွာနဲ့ညောင်ကုန်းရွာတွေကို မီးရှို့ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ကုက္ကိုကုန်းရွာက နေအိမ် ၈၇ လုံး၊ ပေပင်ချောင်ရွာက ၃၇လုံးနဲ့ ညောင်ကုန်းက ၂၉လုံး မီးလောင်ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ကောလင်းနယ်ထဲကို စစ်တပ်ကစစ်ကြောင်းထိုးနေတာကြောင့် ကျေးရွာ ၂၃ရွာကဒေသခံ သောင်းချီ ထွက်ပြေးနေရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်သတ်ဖြတ်ထားတဲ့ ပြည်သူများ။
ဓာတ်ပုံ – Supplied
#Dailynews

