ရေစကြို – ၂၀၂၂ နိုဝင်ဘာ ၂၅ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသ၊ မြေတော်ကျေးရွာကို အာဏာသိမ်းစစ်တပ်က နိုဝင်ဘာ ၂၂ရက်ကစတင်ပြီး မနေ့ကအထိ လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် ဒေသခံငါးဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နိုဝင်ဘာ ၂၃ရက်က အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးကြောင့် ပြည်သူ သုံးဦး ထိမှန်ဒဏ်ရာရရခဲ့ပြီး မနေ့ကလည်း အသက် ၅၀ ဝန်းကျင်အမျိုးသမီးတစ်ဦး နဲ့ အသက် ၁၂နှစ်ဝန်းကျင်ကလေးတစ်ဦး ထပ်မံထိမှန်ခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“အနောက်ဘက်ကမ်းကို အမြဲပစ်နေတာ၊ စစ်ကြောင်းရယ်လို့တော့ မထိုးသေးဘူးဗျ။ ဒရုန်းနဲ့ချတာတွေ၊ လက်နက်ကြီးနဲ့ပစ်တာတွေပဲ လုပ်နေတာ၊အရှေ့ဘက်ကမ်းကနေပစ်တာ မြေတော်က ဧရာဝတီမြစ်ရဲ့ အနောက်ဘက်ကမ်းပါးက ကျေးရွာပါ”လို့ဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ် က ၆၀မမ လက်နက်ကြီး အပြင် ဒရုန်းနဲ့ လူစုရှိတဲ့နေရာတွေကိုပစ်ချတာကြောင့်ထိခိုက်ဒဏ်ရာရကြတာလို့ ဒေသခံကပြောပါတယ်။
လက်နက်ကြီးထိမှန်ထားသူတွေဟာ ဒဏ်ရာအခြေနေမပြင်းထန်တာကြောင့်စိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်။
#Dailynews

