ရန်ကုန် – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း)
မင်္ဂလာဒုံမြို့နယ် ပျဥ်းမပင်ကျေးရွာအုပ်စုထဲက စံသမာဓိ၊ မြဝတီ၊ ဓမ္မပါလ၊မြဲမြံအောင်နဲ့ ဂုံညှင်းနီး ရပ်ကွက်တွေကို တပ်ပိုင်မြေမှာပါဝင်နေတယ်ဆိုပြီးဖယ်ရှားခိုင်းလို့ ရပ်ကွက်တွင်းနေထိုင်သူတွေ စားဝတ်နေရေးအခက်အခဲဖြစ်နေကြပါတယ်။
အိမ်ခြေတစ်သောင်းဝန်းကျင်နဲ့ လူဦးရေငါးသောင်းနီးပါးနေထိုင်တဲ့ အဲဒီ့ရပ်ကွက်တွေကို စစ်ကောင်စီက နိုဝင်ဘာ ၁၈ ရက်မှာ အပြီးဖျက်သိမ်းဖို့ အကြောင်းကြားထားပေမယ့် ရက်ထပ်တိုးပြီး ဒီကနေ့နောက်ဆုံးထားဖျက်သိမ်းဖို့ သတိပေးထားပါတယ်။
အဲဒီရပ်ကွက်တွေမှာနေထိုင်သူအများစုဟာ ၂၀၀၈ ခုနစ်နာဂစ်ကြောင့် ဧရာဝတီတိုင်းကနေပြောင်းရွှေ့လာသူတွေနဲ့ ရခိုင်ပြည်နယ်မှာဖြစ်တဲ့ တိုက်ပွဲတွေကြောင့် ရွှေ့ပြောင်းလာကြသူအများစုနေထိုင်ကြတာလို့ ရပ်ကွက်နေထိုင်သူတွေဆီကသိရပါတယ်။
နေအိမ်တွေပြောင်းရွှေ့ရေးနဲ့ပတ်သပ်ပြီး စစ်ကောင်စီရဲ့ မင်္ဂလာဒုံမြို့နယ်ထွေအုပ်အမိန့်စာမှာ အများပြည်သူစိတ်ငြိုငြင်စေမယ့် ကျူးကျော်နေထိုင်မှုတွေ ဖြစ်ပေါ်နေတဲ့အဲ့ဒီနေရာတွေမှာ ကျူးကျော်မှုတွေကြောင့် စိတ်အနှောက်အယှက်ဖြစ်စေတဲ့အပြင် ကျန်းမာရေး(သို့မဟုတ်) လုံခြုံရေးကို ထိခိုက်စေပြီး ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်ကြောင်းတွေ့ရှိရတယ်လို့ ထုတ်ပြန်ထားတာပါ။
အဲဒီရပ်ကွက်တွေမှာနေထိုင်သူတွေကတော့ ကျူးကျော်နေထိုင်ကြတာမဟုတ်ဘဲ တရားဝင်စာရွက်စာတမ်းတွေနဲ့ ဝယ်ယူနေထိုင်ကြတာလို့ ဆိုကြပါတယ်။
ရပ်ကွက်နေသူတွေဟာ အိမ်တွေဖျက်နေကြပြီး သွားစရာနေစရာမရှိတော့သလို အဲဒီလိုဖယ်ရှားခိုင်းတာကြောင့် စိတ်ကျပြီး အဆုံးစီရင်သွားသူသုံးဦးအထိရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
#Dailynews