ဝက်လက် – ၂၀၂၂ နိုဝင်ဘာ ၈ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားကျေးရွာမှာ မနေ့ည ၈:၀၀ ဝန်းကျင်က အာဏာသိမ်းစစ်တပ်ပစ်ခတ်တဲ့လက်နက်ကြီးဟာ နေအိမ်အတွင်းကျရောက်ခဲ့တာကြောင့် ကိုယ်ဝန်သည်အမျိုးသမီးတစ်ဦးသေဆုံးပြီး သက်ကြီးရွယ်အိုအဘွားတစ်ဦးနဲ့ကလေးတစ်ဦး ဒဏ်ရာပြင်းထန်တယ်လို့ ကောင်းကင်တော်လှန်ရေးအင်အားစုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ရှိန်းမကားရဲစခန်းအတွင်းကနေ ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြောင့်ကျေးရွာအတွင်းကနေအိမ်ထဲကို ကျရောက်ပြီးမိသားစုဝင်လေးဦး လက်နက်ကြီးထိမှန်ခဲ့တာလို့ပြောပါတယ်။
“တိုက်ပွဲမရှိပါဘူး၊ မူးပြီးရမ်းပစ်တာ၊လက်နက်ကြီး သုံးချက်ပစ်တယ်၊ ကိုယ်ဝန်သည်အမျိုးသမီးကတော့သေတယ်၊ အဘွားနဲ့ မြေးနဲ့က ဒဏ်ရာပြင်းထန်တယ်”လို့ အဆိုပါတာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အသက်၆၀ ကျော်အမျိုးသမီးနဲ့ အသက် တစ်နှစ်ကျော် ကလေးငယ်တို့ ဒဏ်ရာအခြေနေစိုးရိမ်ရတာကြောင့်ဒီကနေ့မနက်ပိုင်းမှာစစ်ကိုင်းဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့ ဒေသခံဆီကသိရပါတယ်။
ပုံစာ – လက်နက်ကြီးထိမှန်သည့် ကလေးငယ်အပါအဝင် မိသားစု။
ဓါတ်ပုံ – Supplied
#Dailynews

