မိုးကုတ် – ၂၀၂၂ နိုဝင်ဘာ ၈ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ မိုးလုံလေလုံခန်းမအနီးမှာ မနေ့နေ့လယ်ပိုင်းက ကထိန်ပွဲပြန်လာသူ လူငယ်နှစ်ဦးကို အာဏာသိမ်းစစ်တပ်က ပစ်ခတ်တာကြောင့် တစ်ဦးကျည်ထိမှန်သွားတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်။
ကြံ့ဖွံ့ရုံးအနီးမှာ မပေါက်ကွဲသေးတဲ့ဗုံးတွေ့တာကြောင့်လမ်းပိတ်ထားချိန်မှာ ပိတ်ထားတဲ့လမ်းထဲဲကို အဆိုပါလူငယ်နှစ်ဦးက ဝင်မိတာကြောင့်ပစ်ခတ်ခံလိုက်ရတာလို့ ဒေသခံကပြောပါတယ်။
” သူတို့က လမ်းပိတ်ထားတာ၊ ကထိန်ကပြန်လာတဲ့ကလေးနှစ်ယောက်က ဆက်သွားရင်လည်း လမ်းပြောင်းပြန်ဆိုတော့ ပိတ်ထားတဲ့ထဲ ဝင်မိသွားတာ၊ ပထမတစ်ချက်ပစ်တာမထိဘူး၊နောက်နှစ်ချက်မှာထိသွားတာ၊ လမ်းက ဗုံးတွေ့လို့ဆိုပြီးပိတ်ထားတာ”လို့ ရပ်ကွက်နေဒေသခံတစ်ဦးကပြောပါတယ်။
သေနတ်ထိမှန်သွားသူကို စစ်သားတွေက မိုးလုံလေလုံခန်းမထဲကိုဆွဲခေါ်သွားတာကိုမြင်လိုက်ရပြီး ထိခိုက်၊သေဆုံးမှုအခြေနေနဲ့ပတ်သက်ပြီးမသိရသေးဘူးလို့ပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတဲ့သူတွေက ဘယ်သူတွေဆိုတာကိုမသိရသေးပါဘူး။
#Dailynews

