ကော်သူးလေ – ၂၀၂၂ အောက်တိုဘာ ၃၁ (မော်ကွန်း)
ကော်သူးလေ၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဖုန်းလိုင်းဖြတ်တောက်ထားတာ သုံးရက်ရှိလာပြီဖြစ်ကြောင်း ဒေသခံတွေကပြောပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေက KNLA ပူးပေါင်းတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တို့ တိုက်ပွဲတွေ မြို့ပေါ်နဲ့ အာရှလမ်း၊ ကျိုက်ဒုံမြို့တွေမှာ ဆက်တိုက်ဖြစ်ပွါးခဲ့ကာ အဲဒီတိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်ဘက်က အထိအခိုက်၊ သေဆုံးမှုများစွာရှိခဲ့ပြီးနောက် ခုလိုဖုန်းလိုင်းတွေဖြတ်တောက်ခဲ့တာပါ။
“မြို့တောင်ပိုင်းက ရွာတွေအကုန်ဖုန်းလိုင်းမရဘူး။ အင်တာနက်လည်းသုံးမရဘူး။ မြောက်ဘက်ပိုင်းတော့မသိရသေးဘူး” လို့ဒေသခံကပြောပါတယ်။
ဒီလိုသတင်းအချက်အလက်တွေပြတ်တောက်အောင် ဖုန်းလိုင်းဖြတ်တောက်ထားတဲ့အပေါ် ဒေသခံတွေအနေနဲ့ အာဏာသိမ်းစစ်တပ်ဘက်က လေကြောင်းအကြမ်းဖက်တိုက်ခိုက်မှုတွေလုပ်လာမှာကို စိုးရိမ်နေကြပါတယ်။
ကော့ကရိတ်မြို့ပေါ်မှာတော့ လူသူခြောက်ကပ်နေကာ ဈေးဆိုင်တွေတချို့လည်း ပိတ်ထားကြပြီး ကုန်ဈေးနှုန်းတွေပါ မြင့်တက်နေပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ညဆိုရင် လူအင်အားတစ်ရာဝန်းကျင်နဲ့ ကင်းပုန်းဝပ်နေကြပြီး နေ့ဘက်ဆိုဌာနဆိုင်ရာရုံးတွေ၊ စစ်တပ်၊ရဲတွေ အပြင်မထွက်ရဲကြဘဲ တာဝန်ကျသူတွေသာ အရပ်ဝတ်တွေနဲ့သွားလာစောင့်ကြည့်နေကြတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။
KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ မကြာခဏတိုက်ခိုက်မှုကိုခံနေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ မြို့ပေါ်တိုက်ပွဲမှာဆိုရင် တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ၊ ဂျက်ဖိုက်တာတိုက်လေယာဉ်တွေနဲ့ လူနေရပ်ကွက်တွေကို ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အရပ်သားတွေလည်း သေဆုံးခဲ့ရပါတယ်။
#Dailynews

