ပခုက္ကူ – ၂၀၂၂ အောက်တိုဘာ ၁၇ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့၊ ညောင်လှရွာအနီးမှာ မနေ့ နေ့လယ်က ဘုန်းကြီးကားတစ်စီးမိုင်းထိပြီး ကားပေါ်ပါလာတဲ့ ဆရာတော်တစ်ပါး ပျံလွန်တော်မူကာ ကားပေါ်ပါ သုံးဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
မိုင်းထိပြီးနောက် အနီးနားမှာ မိုင်း ၁၀လုံး ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးကပြောပါတယ်။
“လမ်းမှာထောင်ထားတဲ့မိုင်းပေါ့၊ ဘုန်းကြီးကားကို တမင်ခွဲတာတော့မဟုတ်လောက်ဘူး၊ ကားကမိုင်းနင်းမိပြီးရပ်ထားတုန်း ပျူစောထီးတွေ ရောက်လာတယ်၊ မိုင်းနင်းမိတဲ့နေရာက ရွာနဲ့နီးတယ်၊ လမ်းကလည်းအများပြည်သူပိုင်လမ်းပါပဲ”လို့ ဒေသခံကပြောပါတယ်။
မိုင်းထိတဲ့ကားဟာ ပခုက္ကူအလယ်တိုက်ကျောင်းက ကားလို့ပြောပါတယ်။
မိုင်းထိတဲ့ကားမှာ သေနတ်ပစ်ခတ်ခံထားရတဲ့ အရာတွေတွေ့ရှိပေမယ့် ဘယ်အဖွဲ့ကပစ်ခတ်တယ်ဆိုတာကိုမသိရဘူးလို့ သူကပြောပါတယ်။
ညောင်လှရွာလမ်းမှာ တွေ့တဲ့မိုင်းတွေကို ပျူစောထီးတွေကလာရောက်သိမ်းဆည်းသွားတယ်လို့ ဒေသခံကပြောပါတယ်။
#Dailynews

