စစ်ကိုင်း-၂၀၂၂ စက်တင်ဘာ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီတပ်တွေရဲ့ အစစ်ဆေးတင်းကြပ်မှုတွေကြောင့် စစ်ဘေးရှောင်ပြည်သူတွေကို ရိက္ခာနဲ့ဆေးဝါးတွေကူညီဖို့ အခက်အခဲတွေရှိလာတယ်လို့ စစ်ကိုင်းတိုင်းအတွင်းစစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့မှုတွေလုပ်နေတဲ့ Refugees Support Group က တာဝန်ရှိသူတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“အခုလတ်တလောကတော့ စားဝတ်နေရေးအခက်အခဲရှိတယ်။ စားဝတ်နေရေးချည်းပဲ ကျွန်တော်တို့က ကူညီပေးလို့မရဘူး။ ရိက္ခာပို့မယ်ဆို အကန့်အသတ်တွေ အခက်အခဲတွေရှိတယ်။ ရိက္ခာတွေသယ်လို့မရဘူး၊ စစ်ကိုင်းတိုင်းထဲမှာ တစ်နေရာနဲ့တစ်နေရာပို့ဖို့က အခက်အခဲရှိတယ်။ ဆေးဝါးတွေဆိုလည်း အဲဒီလိုပဲ။ စကစကနေကန့်သတ်ထားတာမျိုးတွေရှိတယ်။ မိရင်ပစ္စည်းသိမ်းတာ ရိက္ခာတွေသိမ်းတာရှိတယ်။ ငွေကြေးအခက်အခဲလည်းရှိတယ်။ ငွေကြေးရှိမှရိက္ခာဝယ်လို့ရတာ” လို့ဆိုပါတယ်။
ခေါက်ဆွဲခြောက်နဲ့ ဆေးဝါးတွေရှိနေပေမယ့် ပို့လို့မရသေးဘူးလို့လည်း သူကပြောပါတယ်။ စစ်ရှောင်တွေအတွက် သွားရောက်ကူညီတဲ့အခါမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်တွေရဲ့ ကင်းပုန်းတွေရှိတာကြောင့် ကူညီသူတွေအတွက်လည်း အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ပြောပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်စုစုပေါင်း ငါးသိန်းသုံးသောင်းကျော်ရှိနေပြီလို့ သုတေသနအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Institute for Strategy and Policy – Myanmar (ISP-Myanmar) က စက်တင်ဘာ ၆ ရက်က ထုတ်ပြန်ထားပါတယ်။
Photo: Refugees Support Group
#Dailynews

