ကော်သူးလေ – ၂၀၂၂ ဇွန် ၂ (မော်ကွန်း)
ကေအဲန်ယူ တပ်မဟာ (၅) နယ်မြေမှာ မေလအတွင်း အာဏာသိမ်းစစ်တပ်နဲ့ သူ့လက်အောက်ခံ နယ်ခြားစောင့်တပ်က တပ်သားပေါင်း ၁၄၀ ကျော် သေဆုံးခဲ့တယ်လို့ ကေအဲန်ယူမူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ အာဏာသိမ်းစစ်တပ်၊ နယ်ခြားစောင့်တပ်တွေ မေလအတွင်း တိုက်ပွဲပေါင်း ၃၄၀ ဖြစ်ပွားခဲ့ပါတယ်။
သေဆုံးသူတွေအထဲ အာဏာသိမ်းစစ်တပ်ဘက်က ဒုတပ်ရင်းမှူးအဆင့် နှစ်ဦးနဲ့ တပ်စုမှူး(ဗိုလ်အဆင့်) တစ်ဦးတို့ပါဝင်ခဲ့ပြီး ဒဏ်ရာရသူတွေ တစ်ရာကျော်ရှိတဲ့အထဲ တပ်ခွဲမှူး(ဗိုလ်ကြီးအဆင့်)တို့ပါဝင်တယ်လို့ ထုတ်ပြန်ပါတယ်။
ကေအဲန်ယူဘက်ကတော့ တစ်ဦးကျဆုံးပြီး ခုနှစ်ဦးထိခိုက်ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။
မေလအတွင်းမှာပဲ အာဏာသိမ်းစစ်တပ်ရဲ့ ထောက်ပို့ယာဉ်လေးစီးနဲ့ မြင်းလား ၂၉ ကောင်ကိုလည်း သုတ်သင်နိုင်ခဲ့ပြီး ရုံးအဆောက်အဦတစ်လုံးကိုလည်းဖျက်ဆီးခဲ့တယ်လို့ ပါရှိပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ တပ်မဟာ (၅)နယ်မြေထဲကို မေလအတွင်းမှာ ရပ်ရွာတွေထဲကို လက်နက်ကြီး တစ်ရာကျော်ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ နှစ်ဦးသေဆုံးကာ ၁၄ ဦးဒဏ်ရာရရှိထားတယ်လို့ မူတြော်ခရိုင်က ထုတ်ပြန်ပါတယ်။
ပုံစာ – မာထောရွာအခြေစိုက် စကခ(၈)လက်အောက်ခံ၊ ခမရ(၄၀၈)က မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ မယ်ညုကျေးရွာအုပ်စုရှိ မယ်ညုထာကျေးရွာအတွင်းသို့ ၈၁-မမ (၃)လုံးအားပစ်ချရာ ဒေသခံတစ်ဦး၏ စပါးကျီနှင့် အနီးရှိ ဆန်စက်တစ်လုံးပါ မီးလောင်ပျက်စီးသွားခဲ့စဉ်
ဓါတ်ပုံ – Mutraw News
#Dailynews

