ရန်ကုန် – ၂၀၂၄ နိုဝင်ဘာ ၇ (မော်ကွန်း)
ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဂွမြို့နယ်အနီးက တိုင်ကျိုးကမ်းခြေရွာအနီး စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့အကြား မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ဆက်တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဂွဒေသခံတချို့က ပြောပါတယ်။
AA ရဲ့ ထိုးစစ်ဟာ ဂွမြို့နဲ့ ၁၀ မိုင်ခန့်အကွာ ရွာတွေကို ပြီးခဲ့တဲ့ လပိုင်းကတည်းက ရောက်ရှိလာခဲ့ပြီး ဂွမြို့မရောက်မီ ကုလားပြင်(ရတနာမြိုင်)၊ ကြွေချိုင် စတဲ့ ကျေးရွာတွေကို ကျော်လွန်လာပြီး တိုင်ကျိုးကမ်းခြေရွာအနီးကို ရောက်ရှိလာတာပါ။
ထိုးစစ်ကို အရှိန်လျှော့နိုင်ဖို့ ဂွ-သံတွဲ ကားလမ်းပေါ်မှာ ရှိတဲ့ ကုလားပြင်တံတားကို စစ်ကောင်စီက မိုင်းထောင်ဖောက်ခွဲပြီး ဆုတ်ခွာခဲ့ပေမယ့် AA ရဲ့ ထိုးစစ်တပ်ဦးက ဂွမြို့အနီးထိ ကပ်လာတာလည်း ဖြစ်ပါတယ်။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က လေကြောင်းကနေ ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဂွမြို့ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
“ လေယာဉ်တွေရော၊ ရဟတ်ယာဉ်တွေရော တောက်လျှောက်သုံးတာ တွေ့ရတယ်။ တိုက်ပွဲအခြေအနေတော့ သေချာတော့ မသိရဘူး။ လက်နက်ကြီးသံတွေတော့ ဆက်တိုက်ပဲ။ ဒီမနက်ထိ တောက်လျှောက်ကြားနေရတယ်” လို့ ၎င်းဒေသခံက ဒီနေ့ မွန်းလွဲပိုင်းမှာ ပြောပါတယ်။
ကမ္ဘာကျော် ငပလီကမ်းခြေရှိရာ သံတွဲမြို့ကို AA တပ်တွေ သိမ်းပိုက်ထိန်းချုပ်ပြီးနောက်မှာ ရခိုင်တောင်ဘက် အစွန်ပိုင်းမြို့ဖြစ်တဲ့ ဂွမြို့နယ်ထဲကို AA ထိုးစစ်ဆင်လာတာကြောင့် စစ်ကောင်စီတပ်ဟာ ဂွမြို့ကို အခြေပြုပြီး ခံစစ်ပြင်ထားတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
ဂွမြို့ဟာ ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်နဲ့ ထိစပ်သလို အနောက်တောင် တိုင်းစစ်ဌာနချုပ်(နတခ) အခြေစိုက်ရာ ပုသိမ်မြို့နဲ့လည်း နီးတဲ့ ရခိုင်တောင်ဘက်စွန်းဆုံးက မြို့ဖြစ်ပါတယ်။
ဂွမြို့ကနေ ဧရာဝတီတိုင်းဘက်ကိုသွားတဲ့ ရိုးမတောင်ကြားလမ်းတွေမှာလည်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေ တပ်ဆင်ထားပြီး လမ်းတစ်လျှောက်မှာလည်း တပ်အင်အားဖြည့်တင်းနေတယ်လို့ ဒီမြေပြင်မှာ သွားလာနေတဲ့ စစ်ဘေးရှောင်တချို့က ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ရခိုင်တောင်ပိုင်းကနေ ဧရာဝတီတိုင်းထဲကို ဝင်ပေါက်ဖြစ်တဲ့ ဂွမြို့နယ်ကို AA လက်ထဲ မကျရေးအတွက် ပင်လယ်ပြင်ကနေ စစ်သင်္ဘောတွေပါ အသုံးပြုပြီး ကြည်း၊ရေ၊လေ ပူးပေါင်း ခုခံနေတာလို့ ဒေသခံတချို့က ဆိုပါတယ်။
ဒီတိုက်ပွဲတွေကြောင့် ဂွမြို့နယ်ထဲက ကျေးရွာတွေနဲ့ မြို့ပေါ်က ဒေသခံသောင်းနဲ့ချီ စစ်ဘေးရှောင်နေကြရပါတယ်။
စစ်ဘေးရှောင်တွေထဲက တချို့တဝက်ကတော့ ဂွတောင်ကြားလမ်းပိုင်းကနေ ပြည်မဘက်ကို ထွက်ပြေးလာတာရှိသလို တဖက်က AA ထိန်းချုပ်နယ်မြေထဲက စစ်ဘေးရှောင်စခန်းတွေမှာ သွားရောက်ခိုလှုံသူတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ ဂွစစ်ဘေးရှောင်တွေဟာ ဒေသတွင်း ကုန်ဈေးနှုန်းမြင့်တက်တာ၊ စားနပ်ရိက္ခာနဲ့ ဆေးဝါးပြတ်လပ်မှုတွေ ရင်ဆိုင်ရ တာတွေ ဖြစ်နေတယ်လို့ စစ်ဘေးရှောင်တစ်ဦးက ပြောပါတယ်။
” တချို့ ပြည်မဘက်ကိုလည်း ပြန်မပြေးနိုင်ဘူး။ အဲဒီမှာပဲ ခိုနေရတဲ့သူတွေ ရှိတယ်။ စားနပ်ရိက္ခာကလည်း အဲဒီမှာ ဝယ်လို့ မရဘူး။ စက်သုံးဆီ၊ ဆေးဝါး အစစအရာရာ ခက်ခဲနေတယ်” လို့ ၎င်းဒေသခံက ပြောပါတယ်။
AA အနေနဲ့ ရခိုင်ပြည်နယ်က စစ်ကောင်စီတပ်ရဲ့ လက်ကျန်တပ်တွေ အခြေစိုက်ထားတဲ့ အမ်း၊ တောင်ကုတ်၊ ဂွမြို့နယ်တွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။
ပုံစာ – ဂွမြို့နယ်ကနေ ဧရာဝတီတိုင်းဘက် ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်များကိုတွေ့ရစဉ်။
ဓာတ်ပုံ – NPL
🌐 Website
မြစ်ကြီးနားမှာ ရေသုံးပေလောက်ကျသွားပေမယ့် အနိမ့်ပိုင်းရပ်ကွက်တွေ ရေနစ်မြုပ်နေဆဲ
🌐 Telegram
https://t.me/MawkunMM
🌐 Facebook
https://facebook.com/mawkunmagazine
🌐 Youtube
https://youtube.com/@mawkunmagazine494/community
🌐 TikTok
https://tiktok.com/@mawkun.magazine
🌐 X
https://x.com/MawKunMM
🌐 Substack
https://mawkunmagazine.substack.com/
🌐 Linktree
https://linktr.ee/MawKunMagazine
Mawkun Magazine #Chronicle #dailynews

