ပခုက္ကူ – ၂၀၂၂ မေ ၂၀ (မော်ကွန်း)
မကွေးတိုင်း၊ ပခုက္ကူမြို့ မြန်မာ့စီးပွါးရေးဘဏ်အစောင့် အာဏာသိမ်းစစ်တပ်ကို ဒီကနေ့ညနေ ၃:၀၀ နာရီလောက်က ဒေသတော်လှန်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။
“ကျနော်တို့ကားနှစ်စီးနဲ့သွားတာ၊တစ်စီးကိုထားပြီးနောက်တစ်စီးနဲ့ဝင်ပစ်တာ၊ သူတို့ဘက်ကလည်း ပြန်ပစ်တယ်၊အပြန်အလှန်ပစ်ခတ်မှုတွေရှိတယ်၊ ဘဏ်ကနှစ်ထပ်ဆိုတော့အပေါ်ထပ်ထိဝင်ပစ်တာ ရဲနှစ်ယောက်နဲ့စစ်သားနှစ်ယောက်နေရာတင်သေတယ်”လို့ Earthquake People’s Defense Force တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ကအင်အား၂၀ဝန်းကျင်နဲ့ ပြန်လည်ပစ်ခတ်တာကြောင့် ကားက မီးလောင်သွားပြီးထားခဲ့ရတဲ့အပြင် ကားအတွင်းမှာသေနတ်နှစ်လက်ကျန်ခဲ့တယ်လို့ ဆက်ပြောပါတယ်။
“ပစ်ခတ်မှုဖြစ်ပြီးတော့ စစ်သားတွေကစျေးထဲပြေးတယ်ထင်ပြီးလိုက်ရမ်းပစ်တာ၊ထိတဲ့သူတော့မရှိဘူး၊ဒါပေမယ့်စျေးထဲကဆိုင်တွေပိတ်ခိုင်းတယ်၊မသင်္ကာတဲ့သူတွေဖမ်းသွားတယ်” လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
မြန်မာ့စီးပွားရေးဘဏ်ကိုဝင်ရောက်တိုက်ခိုက်ချိန်မှာပြည်သူတွေထိခိုက်မှာစိုးရိမ်တာကြောင့် ပြည်သူတွေမရှိချိန်မှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Earthquake People’s Defense Force တာဝန်ရှိသူက ဆိုပါတယ်။
အဆိုပါပစ်ခတ်မှုကို Earthquake People’s Defense Force နဲ့ Pakokku Peoples Defense Force တို့ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်တပ်က ဧရာဝတီတံတားကိုပါပိတ်ချလိုက်ပြီးမြို့တွင်းအစစ်ဆေးတင်းကြပ်နေတယ်လို့သိရပါတယ်။
Video File – Earthquake People’s Defense Force
#Dailynews

