မိုးကုတ် – ၂၀၂၂ မတ် ၂၅ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို အာဏာသိမ်းစစ်တပ်က အင်တာနက်လိုင်းတွေဖြတ်တောက်ပြီးနောက် စစ်ခေါင်းဆောင်ပိုင် Mytel အော်ပရေတာ တစ်ခုတည်းသာ အင်တာနက်အသုံးပြုလို့ရနေကြောင်း မြို့ခံတွေကဆိုပါတယ်။
” အင်တာနက်က Mytel နဲ့ သုံးကြတဲ့သူတွေရှိတယ်၊ ဒါပေမဲ့ နှစ်နာရီခြား တစ်ခါ သုံးနာရီခြားတစ်ခါ အချိန်နဲ့ပဲရတာ ၊အဲ့တော့ လိုင်းသုံးရဖို့စောင့်သုံးရတယ်”လို့ဒေသခံတစ်ဦးကဆိုပါတယ်။
စစ်ခေါင်းဆောင်ပိုင်လုပ်ငန်းဖြစ်လို့ အသုံးမပြုကြသူတွေဟာ ဖိုင်ဘာအင်တာနက်နဲ့ ဝိုင်ဖိုင်ကို အသုံးပြုကြတယ်လို့ ဆိုပါတယ်။
” ဝိုင်ဖိုင် ကျတော့လည်း မီးက ခဏခဏပျက်တယ်၊ မီးက သူလာချင်တဲ့အချိန်မှလာတာ၊ ဝိုင်ဖိုင် သုံးဖို့ဆိုရင် ပါဝါဘန့်ခ် နဲ့သုံးနေရတယ်”လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။
မိုးကုတ်မြို့က စစ်တပ်ပိုင် mytel တာဝါတိုင် ၆ တိုင်ရှိရာမှာ ၃တိုင် က အာဏာသိမ်းခံရပြီးနောက်ပိုင်း ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။
ဖောက်ခွဲဖျက်ဆီးခံထားရတဲ့ အပျက်အစီးပုံတွေအတိုင်း ပစ်ထားပြီး ပြန်လည် ပြုပြင်ခြင်းမရှိပဲ
Mytel Receiver တွေကို အခြား အော်ပရေတာတွေရဲ့တာဝါတိုင်တွေမှာ တပ်ဆင်ထားတယ်လို့ နီးစပ်သူတချို့က ဆိုပါတယ်။
မိုးကုတ်မြို့ကို အာဏာသိမ်းစစ်တပ်က ၂၀၂၁ အာဏာသိမ်းပြီး မကြာခင် ဧပြီလလောက်ကတည်းက အင်တာနက်ဖြတ်တောက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

