ခင်ဦး – ၂၀၂၂ မတ် ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က မီးရှို့ဖျက်ဆီးနေလို့ ကျေးရွာဆယ်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေကြောင်း ဒေသခံမတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ခင်ဦးမြို့နယ်က သက်ပေးကျေးရွာကို အာဏာသိမ်းစစ်တပ်က မနေ့ နေ့လယ်ပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီတပ်က ရွာထဲ ဝင်ရောက်လာပြီး မီးရှို့ခဲ့လို့ လူနေအိမ် ခုနှစ်အိမ်ထက်မနည်းမီးရှို့ခံခဲ့ရပါတယ်။
ဒါ့အပြင် ဒါန်းကုန်းကျေးရွာနဲ့ မှန်တောကျေးရွာကိုလည်း အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီး မီးရှို့ခဲ့ပြီး ကျေးရွာပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် အပျက်အစီးမသိရသေးကြောင်း ဒေသခံက ပြောပါတယ်။
“စစ်တပ်က ဟိုရွာလည်းဝင် ဒီရွာလည်းဝင်တော့ ပြေးစရာရွာလည်းမရှိတော့ဘူး။ ရွာသူ ရွာသားတွေ ဒုက္ခရောက်နေကြပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ထွက်ပြေးတိမ်းရှောင်နေရသူတွေဟာ လတ်တလောနေထိုင်ဖို့နဲ့ စားရေးသောက်ရေးအတွက်ပါ အခက်အခဲတွေရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာအနီးမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး နှစ်ဘက်ထိခိုက်သေဆုံးမှုတွေရှိနေကြောင်း ဒေသခံက ပြောပါတယ်။
#Dailynews

