ဝက်လက် – ၂၀၂၂ မတ် ၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ကျောက်တိုင်ရွာမှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်စီးနင်းပြီး ပြည်သူ ၄၀ ဝန်းကျင်ကို ဖမ်းဆီးထားကြောင်း ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့ နေ့လယ်ပိုင်းက ဝက်လက်မြို့နယ်၊ ကျောက်တိုင်ရွာကို စစ်တပ်သုံး ရဟတ်ယာဉ် လေးစီးနဲ့ ရောက်ရှိလာခဲ့ကြောင်း၊ ကျေးရွာက ပြည်သူ ၄၀ ဝန်းကျင်ကို ဘုန်းကြီးကျောင်းမှာ ဖမ်းဆီးခဲ့ပြီး ဒီကနေ့ နေ့လယ်ပိုင်းအထိ ပြန်လွှတ်ပေးခြင်းမရှိကြောင်း ဒေသခံက ပြောပါတယ်။
“ဖမ်းခံရတာကတော့ အများစုက အမျိုးသားတွေ၊ အသက်မပြည့်သေးသူတွေလည်းပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အဖမ်းဆီးခံထားရတဲ့သူတွေထဲကတချို့ကို PDFလို့စွပ်စွဲပြီး ရိုက်နှက်နှိပ်စက်တာတွေလည်းရှိနိုင်ကြောင်း၊ အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာအတွင်းက နေအိမ်တွေကနေ ဆန်နဲ့အခြားရိက္ခာတွေလည်း ရှာဖွေ ခိုးယူနေတယ်လို့ ဒေသခံအချို့က ပြောပါတယ်။
ကျောက်တိုင်ရွာအနီးက မင်းကျီရွာထဲကိုလည်း အာဏာသိမ်းစစ်တပ်က ဝင်ရောက်ရှာဖွေမွှေနှောက်နေပြီး ရွာသူရွာသားများ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့လပိုင်းအတွင်းက ဝက်လက်နယ်အရှေ့ခြမ်းကကျေးရွာတွေကို လေကြောင်းနဲ့ပါပစ်ခတ်ခဲ့လို့ ဒေသခံထောင်ချီထွက်ပြေးတိမ်းရှောင်ခဲ့ရပါသေးတယ်။
#Dailynews

