မုံရွာ – ၂၀၂၂ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ အာဏာဖီဆန် CDM ပြုလုပ်ထားတဲ့ ဆရာမတစ်ဦးရဲ့နေအိမ်ကို အာဏာသိမ်းစစ်တပ်အဖွဲ့တွေ ဝင်ရောက်ဖျက်ဆီးခဲ့ကြပြီး တန်ဖိုးရှိပစ္စည်းတွေကို ခိုးယူသွားကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာက CDM ပြုလုပ်ထားတဲ့ ဆရာမရဲ့နေအိမ်က ပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးထားပြီး ရေခဲသေတ္တာနဲ့ တီဗီတွေကိုတော့ အာဏာသိမ်းစစ်တပ်က ခိုးယူသွားတယ်လို့ ဒေသခံကဆိုပါတယ်။
နေအိမ်က မိသားစုတွေကတော့ ကြိုတင်ရှောင်ရှားနိုင်လို့ အာဏာသိမ်းစစ်တပ်ရဲ့ ရန်လို၊ နှိပ်စက်မှုတွေကို မခံခဲ့ရဘူးလို့ ဆိုပါတယ်။
နေအိမ်ကိုဖျက်ဆီးအပြီးမှာလည်း “CDM လွတ်အောင်ပြေး၊ ပြေးစရာ မြေမရှိ” စတဲ့ ခြိမ်းခြောက်စာတွေကို အာဏာသိမ်းစစ်တပ်အဖွဲ့က ရေးသားထားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ဆရာမနေအိမ်ဖျက်ဆီးပြီးအပြန် ညောင်ပင်ဇောက်ကျောက်ပေါက်အနီးက တဲအိမ်နှစ်လုံးကိုလည်း ထပ်မံမီးရှိ့သွားပြီး ဘုံဆိုင်၊ ဆိုင်ရှင်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံက ပြောပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ အာဏာသိမ်းစစ်တပ်အဖွဲ့တွေဟာ အခုလို ကျေးရွာတွေကို ဝင်ရောက်ဖျက်ဆီးနေကျပါ။
မုံရွာမြိုနယ် မုံရွာ -အမြင့်လမ်းပိုင်းအနီးမှာရှိတဲ့ ကျေးရွာတွေကိုလည်း အာဏာသိမ်းစစ်တပ်က ဒီကနေ့ မနက်ပိုင်းမှာ ပစ်ခတ်ဝင်ရောက်ခဲ့ပြီး နေအိမ်အချိုကိုလည်း ဖျက်ဆီးသွားတယ်လို ဒေသခံတွေက ပြောပါတယ်။
မုံရွာမြိုနယ် လင်းပိုးရွာအနီး၊ ထနောင်းတောရွာ၊ မအူဆီတန်းနဲ့ ညောင်ပင်ဇောက် စတဲ့နေရာတွေမှာ ပစ်ခတ်သံတွေဆက်တိုက်ထွက်ပေါ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ တွက်ချက် ထုတ်ပြန်ချက်တွေအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ နွေဦးတော်လှန်ရေးမှာ ကျဆုံးခဲ့ရတဲ့ပြည်သူဟာ မနေ့ကအထိ အနည်းဆုံး ၁၅၈၂ ဦးရှိလာပါပြီ။
ပုံစာ – CDMဆရာမ၏နေအိမ်အား ဖျက်ဆီးသွားပြီးနောက်တွေ့ရစဉ်
ဓာတ်ပုံ- မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးအဖွဲ့
#Dailynews

