ရွှေဘို – ၂၀၂၂ ဖေဖော်ဝါရီ ၂၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာကို မီးရှို့ရုံတင်မကဘဲ သက်ကြီးရွယ်အို ခြောက်ဦးကိုပါ မီးရှို့သတ်ခဲ့ကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။
သက်ကြီးရွယ်အိုတွေအပြင် ရွာခံ နှစ်ဦးကိုလည်း ပစ်သတ်သွားခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
မနေ့မနက်က သီးလုံးကျေးရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်အဖွဲ့တွေဟာ နှမစားရစ်ကိုရောက်လာပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ပါတယ်။
အဲဒီနောက်မှာ ရွာနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ထွက်မပြေးနိုင်တဲ့ သက်ကြီးရွယ်အို ခြောက်ဦးဟာ အာဏာသိမ်းစစ်တပ်မီးရှို့တဲ့အထဲ ပါသွားခဲ့ပါတယ်။
ပစ်သတ်ခံရတဲ့ ရွာခံနှစ်ဦးအပြင် လက်နက်ကြီးထိမှန်လို့ အမျိုးသမီးတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။
လတ်တလောမှာ သေဆုံးသူ ကိုးဦးရှိထားပေမယ့် အတိအကျမဟုတ်သေးဘဲ ဒီထက် အရေအတွက်ပိုနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နှမစားရစ်ကျေးရွာဟာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး မီးလောင်သွားတာ အိမ်ခြေ ၄၀၀ ကျော်ရှိကြောင်း၊ လူဦးရေထောင်ချီထွက်ပြေးတိမ်းရှောင်နေရပြီး အဝတ်အထည်နဲ့စားရေးသောက်ရေးအခက်အခဲတွေရှိနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီလ ၂၄ ရက် ညပိုင်းကလည်း ရွှေဘိုမြိုနယ်က ငါးပိအိုးကျေးရွာနဲ့ ဂွေးပင်ကုန်းကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က မီးရှိဖျက်ဆီးခဲ့ပြီး အိမ်ခြေတော်တော်များများပျက်စီးသွားကြောင်း၊ လူဦးရေထောင်ချီရှိတဲ့ ရွာခံပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။
ပုံစာ – အိမ်သာအတွင်းပုန်းအောင်းရင်း သေဆုံးခဲ့သူအဘွားအိုတစ်ဦး
ဓါတ်ပုံ-ဒေသခံ
#Dailynews

