ရွှေဘို – ၂၀၂၂ ဖေဖော်ဝါရီ ၂၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာကို အာဏာသိမ်းစစ်တပ်ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်ခဲ့လို့ နယ်ခံအမျိုးသမီးတစ်ဦးသေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက် ၅:၀၀ နာရီ၀န်းကျင်က ရွှေဘိုမြို့နယ် သီလုံးကျေးရွာမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ နှမစားရစ်ကျေးရွာကို ဦးတည်ရောက်ရှိလာခဲ့ပြီး ကျေးရွာအတွင်းမဝင်ရောက်မီ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ရွာခံ အမျိုးသမီးတစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ရွာထဲက နေအိမ်တွေကိုလည်း မီးတင်ရှို့နေပြီး ရွာရှိလူကုန်ထွက်ပြေးနေရတဲ့အတွက် ပျက်စီးဆုံးရှုံးမှုအခြေအနေ မသိရသေးဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မနေ့က ညပိုင်းမှာ ရွှေဘိုမြို့နယ်က ငါးပိအိုးကျေးရွာနဲ့ ဂွေးပင်ကုန်းကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး အိမ်ခြေတော်တော်များများပျက်စီးသွားကြောင်း၊ လူဦးရေထောင်ချီရှိတဲ့ ရွာခံပြည်သူတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။
ရွှေဘိုမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာဆယ်ရွာခန့်ကိုလည်း ယမန်နေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးနေလို့ ဒေသခံပြည်သူထောင်ချီထွက်ပြေးနေရပါတယ်။
ပုံစာ – ယနေ့ မီးရှို့ခံရသည့် နှမစားရစ်ရွာ။
ဓာတ်ပုံ – Supplied
#Dailynews

