တောင်ကြီး -၂၀၂၂ ဖေဖော်ဝါရီ ၁ ( မော်ကွန်း)
ရှမ်းပြည်နယ်မြို့တော်၊ တောင်ကြီးမြို့မှာလည်း ယနေ့တွင် တနိုင်ငံလုံးအတိုင်းအတာဖြင့်ပြုလုပ်နေသည့် တိတ်ဆိတ်ခြင်းသပိတ်ကို မြို့ခံအများစုပူးပေါင်းပါဝင်ကာ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းပြသနေသည်။
စစ်တပ်က အဓမ္မအာဏာသိမ်းခဲ့သည့် တစ်နှစ်ပြည့်နေ့တွင် ဒီမိုကရေစီလိုလားသူများက နံနက် ၁၀ နာရီမှ ညနေ ၄ နာရီအထိ တိတ်ဆိတ်ခြင်းသပိတ်အဖြစ် အာဏာသိမ်းမှုကိုဆန့်ကျင်ကြရန်လှုံဆော်ခဲ့ရာ ပြည်သူများက ပူးပေါင်းပါဝင်နေခြင်းဖြစ်သည်။
စစ်ကောင်စီ၏ခြိမ်းခြောက်မှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ ဈေးများ၊ ဆိုင်များ၊ ကားဂိတ်များနှင့် စူပါမားကပ်များ ဖွင့်ထားရသော်လည်း ထမင်းဆိုင်ကဲ့သို့ အစားအသောက်ရောင်းသည့် ဆိုင်တချို့မှလွဲ၍ ဈေးဝယ်သူမရှိ ဖြစ်နေသည်ကို တွေ့ရသည်။
ယနေ့မဖွင့်သည့် ဆိုင်များကို အရေးယူမည်ဖြစ်သည့်အတွက် လာရောက်ဖွင့်လှစ်ရခြင်းဖြစ်ပြီး ဖွင့်လှစ်ကြောင်းကို လည်း ညနေတွင် လက်မှတ်ထိုးပေးရဦးမည်ဟု တောင်ကြီးမြို့မဈေးအတွင်းမှ အဝတ်အထည်ရောင်းသည့် ဈေးသည်နှစ်ဦး အပြန်အလှန်ပြောနေသည်ကို ကြားရသည်။
မြို့တွင်းရှိတချို့ဆိုင်များကမူ ‘တရုတ်နှစ်သစ်ကူးနေ့၊ဆိုင်တစ်ရက်ပိတ်သည်’ဟု ဆိုင်းဘုတ်ချိတ်ထားသည်ကို တွေ့ရသည်။
ဖွင့်လှစ်ထားသည့် မြန်မာဆေးပစ္စည်းအရောင်းဆိုင် တစ်ခုကို ‘ဆရာခိုဆေးဗူးတစ်ဗူးလောက်’ဟု ဝင်ဝယ်ကြည့်ရာ ဆိုင်ရှင်အမျိုးသားက လှည့်ပင်မကြည်ဘဲ ‘ကုန်နေတယ်’ဟု မဆိုင်းမတွ ဖြေသည်။
ပုံစာ – ၁.၂.၂၀၂၂ တောင်ကြီးမြို့ပေါ် အသံတိတ်သပိတ်မြင်ကွင်းများ
Photo: Mawkun
#Dailynews

