မောင်တော- ၂၀၂၄ နိုဝင်ဘာ ၁၁(မော်ကွန်း)
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် နခခ(၅) မြို့သူကြီးစခန်းကို အာရက္ခတပ်တော် (AA)က သိမ်းလိုက်နိုင်ပြီဆိုတဲ့ သတင်းတွေဟာမမှန်ဘူးလို့ အဲဒီတိုက်ပွဲမှာရှိနေတဲ့ စစ်ရေးသတင်းရင်းမြစ်တချို့က ဒီနေ့ပြောပါတယ်။
” အနီးနားမှာ တိုက်နေတဲ့သူတွေတောင် မသိမ်းရသေးဘူး။ ဖေ့စ်ဘွတ်ထက်မှာ သိမ်းပြီးကြပြီ။ ဘယ်ကနေဘယ်လို သတင်းကြားကြလဲမသိဘူး။ မောင်တောကို သိမ်းလို့ရလိုက်၊ အမ်းကို သိမ်းလို့ရလိုက်နဲ့ တင်ချင်တာ လျှောက်တင်နေကြတယ်” လို့ မောင်တောရှေ့တန်းမှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ဒီနေ့ မနက်ပိုင်းမှာ RCNA ဆိုတဲ့ ရခိုင်ဒေသအခြေစိုက်သတင်းဌာနတစ်ခုက နခခ (၅) ကို သိမ်းလိုက်ပြီဆိုတဲ့ သတင်းကို စတင်ဖော်ပြရာကနေ လူမှုကွန်ယက်မှာပျံ့နှံ့လာတာပါ။
လက်ရှိ မြေပြင်အခြေအနေက နခခ(၅)စခန်းကို သိမ်းပိုက်နိုင်ရေးအတွက် AA က အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း စခန်းမကျရေးအတွက် လေကြောင်းတိုက်ခိုက်မှုတွေ တောက်လျှောက် ပြုလုပ်နေဆဲဖြစ်တယ်လို့ နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
” အမျိုးမျိုး၊ အဖုံဖုံသတင်းတွေပါဗျာ။ စစ်မြေပြင်မှာရှိနေတဲ့သူတွေက ထမင်းစားချိန်တောင် မမှန်ဘူး၊ လုပ်နေကြရတာ။ အထဲကိုတောင် ဝင်မတိုက်ရသေးဘူး။ အပြင်ကနေ တိုက်နေရုံပဲရှိသေးတယ် ။ အပြင်က ထိုင်နေတဲ့သူတွေက သိမ်းလိုက်ကြပြီ။ လေကြောင်းကနေလည်း မကြာခဏလာပစ်နေတယ်။ အခုလို့ သတင်းမှားတွေကြောင့် မလိုလားအပ်တဲ့ အန္တရာယ်တွေဖြစ်လာနိုင်တယ်” လို့ အထက်ပါ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
“ မနေ့ညကအထိ ဂျက်နဲ့လာပစ်သေးတယ်။ ဒီနေ့တော့ ကိုယ့်ဘက်ကပဲ ဆော်နေတာ။ အထဲထိတော့ ဝင်မထိုးသေးဘူး။ ဝင်ထိုးတဲ့နေ့တော့ သိမ်းလို့ရပြီဆိုတဲ့သတင်းကြားရလိမ့်မယ်” လို့ စစ်မြေပြင်မှာတိုက်နေတဲ့ စစ်ရေးသတင်းရင်းမြစ်နောက် တစ်ဦးကလည်းထပ်ပြောပါတယ်။
မောင်တောမြို့ကို အာရက္ခတပ်တော်(AA) က ပြီးခဲ့တဲ့ သြဂုတ်လ ၄ ရက်က စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး လက်ရှိမှာ နခခ (၅) မြို့သူကြီး တပ်စခန်းတစ်ခုကလွဲလို ကျန်တဲ့နေရာတွေကို AA က သိမ်းပိုက်ရရှိထားပြီးဖြစ်ပါတယ်။
ပုံစာ- မောင်တောမြို့က နခခ(၅) မြို့သူကြီးစခန်း
ဓါတ်ပုံ- Arakan Girl

