ရေစကြို – ၂၀၂၂ ဇန်နဝါရီ ၂၁ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်က သူတို့ဝင်ရောင်လာချိန် ကြောက်လန့်ထွက်ပြေးတဲ့ ပြည်သူတွေကို လိုက်လံပစ်သတ်ခဲ့လို့ ဒီကနေ့ ရေစကြို၊ ရေလယ်ကျွန်းမှာ အသက် ၆၀ အရွယ် ရွာသားတစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံကပြောပါတယ်။
မနေ့က ရေလယ်ကျွန်းကို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းနဲ့ ဝင်လာပြီး ညနေပိုင်းမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
ဒီကနေ့ မနက် ၅:၀၀ နာရီဝန်းကျင်မှာတော့ အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ ပေါက်တောရွာကို သွားရောက်မွှေနှောက်ခဲ့ပြီး နေရင်းရွာကို ပြန်လာလို့ ရွာသူ ရွာသားတွေ ကြောက်လန့်၊ ထွက်ပြေးခဲ့ကြရတယ်လို့ ဒေသခံကပြောပါတယ်။
ထွက်ပြေးခဲ့ကြတဲ့ရွာသူရွာသားတွေကို အာဏာသိမ်းစစ်တပ်က လိုက်လံပစ်ခတ်ခဲ့လို့ နေရင်းရွာက အသက် ၆ဝ ဝန်းကျင် ဦးစိန်ဝိုင်းဆိုသူ ကျည်ဆံထိမှန်ပြီး သေဆုံးသွားကာ အမျိုးသမီးတစ်ဦးလည်း ပေါင်ကိုကျည်ထိမှန်ပြီး ဒဏ်ရာရရှိထားကြောင်း ဒေသခံက ပြောပါတယ်။
“ကျည်ထိသွားတဲ့ အမျိုးသမီးနဲ့ တခြားပြည်သူတွေကိုပါ ဖမ်းသွားတယ်ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေဟာ နေရင်းရွာမြောက်ပိုင်းက အိမ်တွေကို ဝင်ရောက်မွှေနှောက်ပြီး ဆန်အိတ်တွေ၊ ဆီပုံးတွေနဲ့ တန်ဖိုးကြီး ပစ္စည်းတွေကို ခိုးယူသွားတယ်လို့ ဒေသခံက ပြောပါတယ်။
#Dailynews

