မြိုင် – ၂၀၂၂ ဇန်နဝါရီ ၁၃ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ လက်ယက်မစံပြကျေးရွာမှာ စစ်ကောင်စီတပ် တပ်စွဲထားလို့ ရွာသူရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနဲ့နေထိုင်မှုအခက်အခဲတွေ ရင်ဆိုင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒီကျေးရွာမှာ စစ်ကောင်စီတပ်တွေ အင်အား ၂၀၀ ခန့်နဲ့ တပ်စွဲထားပြီး ရွာခံပြည်သူများကိုလည်း ပစ်ခတ် ဖမ်းဆီးကာ ညှင်းပန်းနှိပ်စက်တာတွေ၊ နေအိမ်တွေထဲဝင်ရောက်ဖျက်ဆီးတာတွေနဲ့ ရဟန်းသံဃာတော်ကိုပါဖမ်းဆီးထားကြောင်း ဒေသခံက ပြောပါတယ်။
ရွာအတွင်းပိတ်မိနေသူတွေလည်းရှိပြီး ထွက်ပြေးနေရသူများမှာလည်း စားနပ်ရိက္ခာနဲ့ နေထိုင်ရေးအခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
မနေ့ကတော့ လက်ယက်မရွာနဲ့ သမင်ချောက်ရွာကြားမှာ အင်အားအလုံးအရင်းနဲ့ ထပ်မံစစ်ကြောင်းထိုးခဲ့တာကြောင့် အနီးအနားကရွာတွေလည်း တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မကွေးတိုင်း၊ မြိုင်မြို့နယ်ထဲကို အာဏာသိမ်းစစ်ကောင်စီက ဇန်နဝါရီလ ၁၀ ရက်နေ့ကစပြီး အင်အား များစွာဖြည့်တင်းလာခဲ့ပြီးနောက် နယ်မြေခွဲစစ်ကြောင်းထိုးနေတယ်လို့ ဒေသခံကဆိုပါတယ်။
ဇန်နဝါရီလ ၁၁ ရက်နေ့ မနက်ကလည်း လက်ယက်မကျေးရွာနဲ့ ကန်နီရွာကြားမှာ စစ်ကောင်စီတပ်နဲ့ နယ်ခံPDFအဖွဲ့တွေကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။
မြိုင်နယ် PDFက လက်နက်ကြီးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ခုနှစ်ဦးခန့် သေဆုံးတယ်လို့ မြိုင် PDFက သတင်းထုတ်ပြန်အသိပေးထားပါတယ်။
#Dailynews

