ဝက်လက် – ၂၀၂၂ ဇန်နဝါရီ ၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ ကျေးရွာပြည်သူတွေနဲ့ စစ်ဘေးရှောင်တွေကို စစ်ကောင်စီတပ်တွေကလူသားဒိုင်းအဖြစ်ဖမ်းဆီးကာ တောနင်းရှာဖွေမှုများပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့ကစပြီး ဝက်လက် PDF တပ်ရင်း ၂ ပူးပေါင်းတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်တွေကြား ဘုရားလေးကုန်းရွာဝန်းကျင်မှာ ၂ ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ အထိနာခဲ့ကြောင်း ဒေသခံတွေက ဆိုပါတယ်။
ဘုရားလေးကုန်းတိုက်ပွဲမှာ အထိနာခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာ ဒီကနေ့မှာတော့ ဝက်လက်မြို့နယ်၊ သစ်ဆိမ့်ရွာနဲ့ ရေဖြူရွာဝန်းကျင်ရှိ တောတွေမှာ PDF များရှိတယ်အထင်နဲ့ အနီးနားရွာများက ပြည်သူ ၉၀ ဝန်းကျင်လောက်ကို လူသားဒိုင်းအဖြစ်ဖမ်းကာ ရှာဖွေနေကြောင်း ဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် ဝက်လက်မြို့နယ်၊ ရှားကွဲကျေးရွာကိုရောက်ရှိနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာ ဘုန်းကြီးကျောင်းထဲတွင် စစ်ဘေးရှောင်နေတဲ့ ပြည်သူအယောက်(၅၀)ခန့်အား ဖမ်းဆီးထားပြီး လူသားဒိုင်းလုပ်ကာ ရွာမြောက်ဘက်ရှိဘုရားကုန်းပေါ်တပ်ဆွဲထားကြောင်း ဝက်လက်ဒေသခံများက ပြောပါတယ်။
“တပ်မ ၇၇ နဲ့ ပျူစောထီးတွေ ပေါင်းပြီးလာတယ်ပြောတယ်။ မဆိုင်တဲ့ပြည်သူတွေကိုအသုံးချပြီး တောနင်းနေတာ”လို့ နယ်ခံတစ်ဦးက ဆိုပါတယ်။
ထိုကဲ့သို့ အပြစ်မဲ့ပြည်သူတွေကို လူသားဒိုင်း လုပ်ခြင်းများအား ပြင်းထန်စွာ ရှုံံ့ချကြောင်း ဝက်လက် PDF တပ်ရင်း(၂)က ထုတ်ပြန်ကြေညာထားပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်နေ့ကစပြီး ဇန်နဝါရီလ ၃ ရက်နေ့အထိ ဝက်လက်မြို့နယ်၊ အရှေ့ခြမ်း ဘုရားလေးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က သေဆုံးသူများခဲ့တယ်လို့ နယ်ခံတွေက ဆိုပါတယ်။
စစ်ကောင်စီဟာ တိုက်ပွဲမဖြစ်ပွားဘဲနဲ့လည်း ရဟတ်ယာဥ်နဲ့ပစ်ခတ်မှုတွေပါ ပြုလုပ်ခဲ့ပြီး တောင်သူနှစ်ဦးလည်း ပစ်ခတ်ခံရလို့သေဆုံးခဲ့ပါတယ်။
#Dailynews

